Friday 16 January 2015

တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေး တနင်္သာရီတစ်တိုင်းလုံး ဆန္ဒပြမည်

လျှပ်စစ်တစ်ယူနစ် နှုန်းထား ကျပ်လေးရာကျော်မှ တစ်ထောင်ကျော်အထိ ပေးဆောင်နေရသည့် တနင်္သာရီ တိုင်းဒေသကြီးတွင် တစ်နိုင်ငံလုံးနှင့် တန်းတူနှုန်းထား ဖြစ်သည့် ဓာတ်အား တစ်ယူနစ် ၃၅ ကျပ်နှုန်း ရရှိရေး အတွက် တစ်တိုင်းလုံးတွင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း တနင်္သာရီ သယံဇာတ အကျိုး ခံစားခွင့် ရရှိရေး ကော်မတီ (ထားဝယ်) ထံမှ သိရသည်။

ထားဝယ်ခရိုင် လူထု ပူးပေါင်းပါဝင်မည့် လျှပ်စစ်တစ်ယူနစ် ၃၅ ကျပ်နှုန်း ရရှိရေး ဆန္ဒထုတ်ဖော်ပွဲကို ထားဝယ်မြို့တွင် လာမည့်ဇန်နဝါရီလ ၂၃ ရက်နေ့၌ ကနဦးပြုလုပ်မည်ဖြစ်ပြီး မြိတ်နှင့် ကော့သောင်း ခရိုင်များတွင် ဆက်လက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

“တစ်တိုင်းလုံး လွှမ်းခြုံပြီး လုပ်မယ့်ကိစ္စပါ။ ထားဝယ်ခရိုင် အနေနဲ့ အမြန်ဆုံး စပြီးလုပ်ဖြစ်တာပါ” ဟု တနင်္သာရီသယံဇာတ အကျိုးခံစားခွင့်ရရှိရေးကော်မတီ(ထားဝယ်)မှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်သက် က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးသို့ မဟာဓာတ်အားလိုင်း အမြန်ဆုံး ရောက်ရှိစေရန်နှင့် လျှပ်စစ်ဓာတ်အား တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် အမြန်ဆုံးရရှိစေရန် ရည်ရွယ်၍ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ယင်း ကော်မတီထံမှ သိရသည်။

ထားဝယ်တွင် ပြုလုပ်မည့် ဆန္ဒထုတ်ဖော်ပွဲတွင် လူအင်အား ငါးရာခန့် ပါဝင်မည်ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

တိုင်းဒေသကြီး တစ်ခုလုံးတွင် ဆန္ဒထုတ်ဖော်ခြင်း အပြင် တိုင်းဒေသကြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်အရပ်ရပ်တွင် ရောက်ရှိနေကြသည့် တနင်္သာရီတိုင်းမှ လွှတ်တော် ကိုယ်စားလှယ်များအား လျှပ်စစ်ဓာတ်အား ရရှိရေး အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းများ လုပ်ဆောင်ပေးရန် စည်းရုံးခြင်း၊ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှု ကော်မတီနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများကို အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ဗြုန်းစားကြီး ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ရမှာလဲ ဆိုတဲ့ သူတို့တွေရဲ့ ကတိကဝတ်ကို လိုချင်တာပါ” ဟု ဦးကျော်ကျော်သက်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မြို့ကြီးများတွင် ဒီဇင်ဘာလလယ် အတွင်းက တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်မီး စတင်ရရှိနေပြီ ဖြစ်ပြီး ယေဘုယျအားဖြင့် ယခုလအတွင်း ခရိုင်မြို့များ ဖြစ်သော ထားဝယ်မြို့တွင် လျှပ်စစ်တစ်ယူနစ် ၃၈၀ ကျပ်၊ မြိတ်တွင် တစ်ယူနစ် ၃၇၀ ကျပ်၊ ကော့သောင်းတွင် ၃၅၀ ကျပ် အသီးသီး ကျသင့်လျက်ရှိသည်။

မြို့နယ်များတွင်မူ နေရာအပေါ် မူတည်၍ တစ်ယူနစ် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အထိ ရှိသည်။

ယခင်က တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီသည် ၃၅ ကျပ်နှုန်းဖြင့် လျှပ်စစ်မီး ရရှိရေး လက်မှတ်သုံးသိန်း စုဆောင်းကာ တောင်းဆိုမည့် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ဖူးပြီး တနင်္သာရီ တိုင်းဒေသကြီး အစိုးရက လျှပ်စစ်တစ်ယူနစ်ကို ၃၀၀ ကျပ်နှုန်းဖြင့် ၂၀၁၄ ဒီဇင်ဘာလတွင် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည့်အတွက် ယင်းလှုပ်ရှားမှုကို ရပ်နားခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရက ကတိပေးထားသည့် ယင်းအစီအစဉ်မှာ လက်ရှိအချိန်အထိ ဖြစ်မလာသည့် အတွက် တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့်ရရှိရေး ကော်မတီက ယခုကဲ့သို့ လှုပ်ရှားမှုများကို ပြန်လည် စတင်လာခြင်း ဖြစ်သည်။

ယင်းကော်မတီ (ထားဝယ်) တွင် ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို)၊ ထားဝယ်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေးပါတီ နှစ်ခုနှင့် ထားဝယ်ခရိုင် အတွင်းမှ မြို့နယ်အလိုက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများ၊ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) စသည့် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၆ ခု ပါဝင်သည်။

The Voice Weekly 

No comments:

Post a Comment