Friday 16 January 2015

ပညာရေး ဘတ်ဂျက် တိုးမြှင့်ရေးနှင့် ကျောင်းထုတ်ခံ ကျောင်းသားများ ပြန်လည် တက်ရောက်ခွင့် တောင်းဆို

ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံး စရိတ်၏ (၂၀) ရာခိုင်နှုန်း သတ်မှတ်ရေးနှင့် အရေးအခင်း ကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ပြန်လည်တက်ရောက်ခွင့်အပါအ၀င် အချက် (၁၁) ချက် ကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ယမန်နေ့ကထုတ်ပြန်တောင်းဆိုခဲ့သည်။

တောင်းဆိုချက် တွေက အမျိုးသား ပညာရေး ဥပဒေကို  ရှုတ်ချပြီး တောင်းဆိုတာ မဟုတ်ပါ ဘူး၊ ကျောင်း သား တွေရဲ့ သဘောထားက ဒီလိုရှိ ပါတယ် ဆိုတာ ပြတာပါ။ တစ်နိုင်ငံလုံး ရှိတဲ့ ကျောင်းသားတွေရဲ့ သဘောထား ကလည်း ဒီအတိုင်းပါပဲ ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်မှု ကော်မတီမှ ဦးမင်းသွေးသစ် က The Messenger Media သို့ ပြောသည်။ ယခု တောင်းဆို ထားသည့် အချက် များသည် အမျိုးသား ပညာရေး မူဝါဒနှင့် ဥပဒေများ ပေါ်ပေါက် စေရန် အတွက် အရေးတကြီး လိုအပ် နေသည့် အချက်များ ဖြစ်ကြောင်း၎င်းက ထပ်မံ ပြောသည်။

အဆိုပါ တောင်းဆိုချက် များတွင် ပညာရေး မူဝါဒနှင့် ဥပဒေများ၊ နည်း ဥပဒေများ၊ ဆက်စပ် ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်၊ ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်း ထူထောင် လှုပ်ရှားခွင့်နှင့် သမဂ္ဂများ တည်ရှိမှု အပေါ် တရားဝင် အသိအမှတ်ပြုရေး၊ ဒေသ အလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံ ခန့်ခွဲ နိုင်သည့် ပညာရေး ဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အစ ရှိသည့် အချက်များ အပါအ၀င် လက်ရှိ ကျင့်သုံး လျက်ရှိ နေသည့်  စာမေးပွဲ စနစ်များ ပြင်ဆင်ရေး၊ သင်ကြားနည်း စနစ် များပြောင်းလဲရေး၊ တိုင်းရင်းသား များ မိခင်ဘာသာ စကား အခြေပြု စနစ်ကို ထည့်သွင်း ပေးရေး အစ ရှိသည်တို့ ပါဝင်ကြောင်း သိရသည်။ သတ်မှတ် ထားတဲ့ ရက်ပေါင်း(၆၀) အတွင်းမှာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိဘူး။ အဲဒီ အတွက်ကို အသေးစိတ် ထုတ်ပြန် ကြေညာ သွားဖို့ ရှိတယ် ဟု ဗကသ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကိုကို က The Messenger Media  သို့ ပြောသည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၊(၁၂)ရက်နေ့ နှင့် (၁၃) ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်း သား ကိုယ်စားလှယ်ပေါင်း  (၅၀၀)ကျော် တက်ရောက် ခဲ့သည့် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အရေး ပေါ် အစည်းအဝေးတွင် လွှတ်တော်နှင့် အစိုးရမှ အတည်ပြု ပြဋ္ဌာန်း ထားသည့် အမျိုးသား ပညာရေး ဥပဒေကို ရှုထောင့်(၆) ချက်ဖြင့် အခြေခံကာ မူဝါဒ (၉) ချက်နှင့်အညီ ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ရက် ပေါင်း (၆၀) အတွင်း ညှိုနှိုင်း ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သပိတ်မှောက်ရက်အဖြစ် သတ်မှတ် ထားသည့်  ရက်ပေါင်း(၆၀)  ပြည့်သည့် ဇန်န၀ါရီလ (၁၆) ရက်နေ့ တွင် လွှတ်တော်အမတ်များ၊ ပညာရေးဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံတကာအစိုးရများနှင့် ပညာရေး အလှူရှင်များသို့ ယင်းထုတ်ပြန်ချက်ကို ပေးပို့သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီထံမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment