Friday 16 January 2015

တိုင်းရင်းသား အခွင့်အရေး ကာကွယ်သည့် ဥပဒေတွင် တာဝန်ယူမှု တာဝန်ခံမှု ပါရှိသင့်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော်လည်း ကျင့်သုံးခွင့် မရသေးသည့် ပြည်နယ်/ တိုင်း ဒေသ ကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များကို လုပ်ဆောင်ခွင့် ရလာစေရေးအတွက် အသက်သွင်းသည့် အနေဖြင့် ရေးဆွဲထားသည်ဆိုသော တိုင်းရင်းသား လူမျိုးများ၊ အခွင့်အရေး ကာကွယ်သည့် ဥပဒေတွင် တာဝန်ယူမှု၊ တာဝန်ခံမှုများ ထည့်သွင်းပြဌာန်း သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်း(၁) လွှတ်တော် အမတ် ဒေါက်တာ ညိုညိုသင်းက မဇ္ဈိမကို ပြောသည်။

“ဒီဥပဒေမှာ အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေပဲရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပိုင်းတွေ မတွေ့ရသလောက် ကိုနည်းနေတယ်၊ မဖြစ်မနေ ထည့်ပြီးပြဋ္ဌာန်းသင့်တယ်” ဟု သူမက ထောက်ပြခဲ့သည်။

ဒေသခံပြည်သူတို့ အကျိုးစီးပွားအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ဆက်တွဲ ဇယား (၂)နှင့်(၅) က လုပ်ပိုင်ခွင့်များ ပြဋ္ဌာန်းပေး ထားသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ကျင့်သုံးခွင့် မရခဲ့ခြင်း၊ ပြည်ထောင်စု အစိုးရအား ကြောက် လန့်ပြီး ဒေသတွင်းလုပ်ငန်းတို့မှ ရလာသည့်အခွန်တို့ကို ပေး ပို့နေရခြင်း၊ မိမိတို့တာဝန်ယူ ဖြေရှင်းရမည်ကို အထက်အဆင့်က အရေးယူပါလိမ့်မည်ဟု ခေါင်းရှောင်ကာ ပြတ်ပြတ်သားသား မဆောင်ရွက်နိုင်ခြင်းတို့ သည် အခြေခံဥပဒေက ပေးထားသော လုပ်ပိုင်ခွင့်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုမပါရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ရှင်းပြသည်။`

“တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တွေက မိမိတို့ တာဝန်ရှိတဲ့အပိုင်းတွေမှာ မိမိတို့ကိုယ်တိုင် ပြတ်ပြတ် သားသား အရေးယူမှု တာဝန်ယူမှု အာမခံမှုတွေပါ ရှိသင့်တယ်၊ ဥပဒေကဘယ်လိုပဲ ပြဋ္ဌာန်းထားပစေ အုပ်ချုပ်ရေးအဖွဲ့ က တာဝန်ယူလိုတဲ့ တာဝန်ခံလိုတဲ့ စိတ်မရှိရင် လူထုအတွက် အကျိုးမရှိနိုင်ဘူး”ဟု ၎င်းက ပြောသည်။

ဥပဒေပြဋ္ဌာန်းအတိုင်း တိတိကျကျ မဆောင်ရွက်နိုင်သည့် ဒေသအာဏာပိုင်တို့ကိုလည်း ပြတ်ပြတ်သားသား အရေးယူသင့်သည် ဟု ဒေါက်တာ ညိုညိုသင်းက တိုက်တွန်းသည်။“ဥပဒေဆွဲတာကိုတော့ ကြိုဆိုပါ တယ်၊ အစိုးရအဖွဲ့က ဥပဒေအတိုင်း မလုပ်တာကပြဿနာပဲ၊ ခိုင်မာအားကောင်းတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ ဥပဒေရဲ့ ပြဋ္ဌာန်းချက်ကိုတောင် အသုံးမချနိုင်ရင် ထပ်ဆွဲတဲ့ ဥပဒေတွေဟာလည်း ပြည်သူတွေ ကို ပျော်ရွှင်မှုပေးနိုင် ပါ့မလား၊ ဒါကြောင့် တာဝန်ယူမှု တာဝန်ခံမှုတွေကိုပါ ထည့်သွင်းသင့်တယ်” ဟု ၎င်းက ပြောသည်။

အခြေခံဥပဒေ ဇယား(၅)အရ ပြည်နယ်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့က ကောက်ခံခွင့်ရသည့် ပွဲခွန်၊ မြေခွန်၊ ကားခွန်တို့ ကို ပြည်ထောင်စု အစိုးရထံသို့ကြောက်လန့်တကြီး ပို့ဆောင်အပ်နှံခြင်းကို ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့သည်ပင် ပြုလုပ်လျက်ရှိရာကျန်သည့် ပြည်နယ်၊ တိုင်းဒေသကြီးတို့ဆိုလျှင် ပြော ဖွယ်ရာလိုမည် မဟုတ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

အခန်းကိုးခန်းနှင့် ပုဒ်မပေါင်း ၃၂ ခုပါရှိသည့် အဆိုပါ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ်ရေး ဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ လုပ်ပိုင်ခွင့်တို့ကို အသက်ဝင်စေမည်ဟု ထိုဥပဒေကို ရေးဆွဲတင်သွင်းသူ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောခဲ့သည်။

အဆိုပါဥပဒေကို မကြာမီကျင်းပမည့် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုနိုင်မည်ဖြစ်ပြီး ၂၀၁၆ တွင် တက်လာမည့် အစိုးရသစ်လက်ထက်တွင် စတင်အသက်ဝင်မည် ဖြစ်သည်။

‎Mizzima‬ - News in Burmese

No comments:

Post a Comment