Friday 16 January 2015

ဖားကန့်မြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ သံတံတားထိပ်နေရာ၌ ဇန်န၀ါရီ ၁၅ ရက် ည ၉ နာရီချိန်ခန့်တွင် ဆိပ်မူကျေးရွာမှ ယူမာကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် အား အစိုးရတပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရာ လက်လုပ်မိုင်းများ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ဆိပ်မူအစိုးရတပ်စခန်းနှင့် ဆိပ်မူကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းကာ ကျေးရွာ အတွင်း လှည့်ကင်းဆောင်ရွက်စဉ် သံတံတားထိပ်နေရာသို့အရောက် ဆိုင်ကယ်မောင်းလာသော လူနှစ်ဦးအား ရပ်တန့်ရှာဖွေရာ တစ်ဦးမှာ ထွက်ပြေးသွားပြီး ကျန်တစ်ဦးအား မိုင်းများနှင့်အတူ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

“လုံးခင်းရဲစခန်းထဲကို မိုင်းပစ်ထည့်တယ်၊ ကျောက်မျက်ကုမ္ပဏီတွေကိုလည်း မိုင်းနဲ့ တိုက်ခိုက်တယ်၊ နောက်ဆုံး လမ်းဆုံလမ်းခွနေရာတွေမှာတောင် မိုင်းခွဲနေတော့ အခုလို အ၀င်/အထွက် မစစ်လို့ မရဘူး၊ ထင်တဲ့အတိုင်း မိတာပဲ လေ” ဟု ဆိပ်မူရွာခံတစ်ဦးက ဆိုသည်။

မိုင်းများနှင့်အတူ ဖမ်းဆီးရမိသူမှာ KIA အဖွဲ့မှ ရွာသားအသွင်ယူနေ ထိုင်သော နော်မိုင်(၂၂)နှစ်၊ ကချင်/ ခရစ်ယာန်၊ အမှတ်(၃)ရပ်ကွက်၊ ဆိပ်မူကျေးရွာနေသူဖြစ်ပြီး ထွက်ပြေးသွားသူမှာ မာယော်ဖြစ်ကြောင်း သိရသည်။

ယင်းတပ်ဖွဲ့ဝင်နှင့်အတူ လက်လုပ်မိုင်း ၂ လုံး၊ ရီမုကွန်ထရိုး ၂ ခု၊ ဓါတ်ခဲ ၄ ကဒ်၊ ၀ါယာတိပ်အနက် ၁ ခွေ၊ ၀ါယာကြိုးနှင့် တွဲလျက် မီးသီး ၁ လုံးနှင့် အလွတ်မီးသီး ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပူးပေါင်း အဖွဲ့မှ တာဝန်ရှိတပ်မတော် အရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။

KIA အဖွဲ့သည် ဇန်န၀ါရီလ ၁၅ ရက်နေ့၌ လုံးခင်းရဲစခန်း ဂျိတ်ပါဝါကျောက် မျက်တူးဖော်ရေး ကုမ္ပဏီ၊ ငြိမ်းချမ်းသာယာ ရပ်ကွက်လမ်းဆုံ၊ ထူးကျောက်မျက်တူးဖော်ရေးကုမ္ပဏီးအနီးတို့တွင် မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း ဆိပ်မူ ရွာခံတစ်ဦးက ပြောပြသွားသည်။ 

နော်ဆန်းအောင်
Kachin Daily News

No comments:

Post a Comment