Friday 16 January 2015

မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံမှ တရုတ်နိုင်ငံသား ခြောက်ဦးကို တရား ခံပြေး အဖြစ် သတ်မှတ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော ပိုင်ရှင် ဇနီး မောင်နှံ နှင့် ပတ်သက်၍ ဆေးရုံအုပ်အား စစ်ဆေးနေ

မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံတွင် လိုင်စင်မရှိဘဲ ဆေးကုသနေမှုနှင့် ပတ်သက်၍  အမှုဖွင့်စစ်ဆေး နေစဉ် ထွက်ပြေးတိမ်းရှောင်သွားသော တရုတ်နိုင်ငံသားခြောက်ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော ဆေးရုံပိုင်ရှင် လင်မယားနှစ်ဦးနှင့် ပတ်သက်၍ ဆေးရုံမှ ဆေးရုံအုပ်အား စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ထွက်ပြေးနေသော တရုတ်နိုင်ငံသားများ ဖမ်းဆီးနိုင်ရန်အတွက် နယ်မြေခံရဲတပ်ဖွဲ့အပြင် အခြားရဲတပ်ဖွဲ့များ နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာနများထံသို့ ကူညီစုံစမ်းဖမ်းဆီးပေးပါရန် ပြစ်မှု ၂၈/၆၂ အမှတ်စဉ်(၃/၄/၅/၆/ ၇/၈-၂ဝ၁၅)တို့ဖြင့် တရားခံပြေးပုံစံပြုစု၍ မမစ(ချမ်းအေးသာစံ)  ၂ဝ၁၅ ဇန်နဝါရီ ၁၄ ရက်စွဲ ပေးပို့ အကူအညီတောင်းခံထားကြောင်း သိရသည်။

ထို့အပြင် ဆေးရုံပိုင်ရှင် ဦးတင်မောင် နှင့်ဒေါ်နန်းလှစိန်တို့၏ နေအိမ်အား စောင့်ကြည့်ခြင်း၊ နိုင်ငံခြား သားများ နေထိုင်နိုင်သည့် ဟိုတယ်များအား စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း အမှုလိုက်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“တရုတ်နိုင်ငံသားခြောက်ဦးကတော့ သူတို့နိုင်ငံထွက်ပြေးသွားတဲ့အတွက် တရားခံပြေးအဖြစ် သတ်မှတ် ထားပါတယ်။  ဆေးရုံပိုင်ရှင် လင်မယားနှစ်ယောက်ကိုတော့ သူတို့နေထိုင်နေတဲ့ အိမ်ရယ်၊ သူတို့သွားလာ တတ်နေရာတွေကို မပြတ်စောင့်ကြည့်နေပါတယ်။ လက်ရှိမှာလည်း ဆေးရုံက ဆေးရုံအုပ်ကြီးကို သူတို့နဲ့ အဆက် အသွယ်ရှိ၊ မရှိ ကိုစစ်ဆေးနေပါတယ်။ တရားစွဲ မတင်ရသေးတဲ့အတွက် တရားခံပြေးလို့ သတ်မှတ်လို့မရပေမဲ့ အမှုကို မရင်ဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေလို့ တရားခံပြောလို့ ဆိုချင်ဆိုနိုင် ပါတယ်”ဟု အကြီးတန်းရဲအရာရှိကြီး တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ  တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ Health News အမည်ဖြင့် ဆေးခန်း ဖွင့်လှစ်ကုသနေသည့်အပြင် ညစ်ညမ်းစာရွက်စာတမ်းများဖြင့် ကြော်ငြာခြင်း၊ ဖြန့်ချိဝေငှခြင်း၊  မြန်မာနိုင်ငံဆေးကောင်စီ၏ ဆေးကုသခွင့်မရှိဘဲ ကုသခြင်းများပြုလုပ်နေသဖြင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ညွှန်ကြားချက်ဖြင့် စစ်ဆေးနေစဉ် ဆေးရုံပိုင်ရှင် လင်မယားနှင့် တရုတ်နိုင်ငံသားခြောက်ဦးမှာ ထွက်ပြေးသွားခြင်း ဖြစ်သည်။

အဆိုပါထွက်ပြေးတိမ်းရှောင်နေသော တရုတ်နိုင်ငံသားများမှာ  ဇန်နဝါရီ ၄ ရက်က တံတားဦး အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်ပြီး အမည်ပျက်စာရင်းသွင်းကာ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ဖမ်းဆီးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၈/၂ဝ၁၅ လဝက အက် ၁၃(၁)၊ (ပ)၉/၂ဝ၁၅ ပြစ်မှု ပုဒ်မ ၂၉(က)၊ (ပ)၁ဝ/၂ဝ၁၅ ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃/၃၅၊ (ပ) ၁၁/၂ဝ၁၅ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ ပုဒ်မ ၄၁/ ၄၂တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင် ဦးတင်မောင်(ဂရိတ်ဝေါလ်)မှာ နိုင်ငံတော်သမ္မတ၏ အမျိုးသား အကျိုးစီးပွားစွမ်းဆောင်ရှင်ဆု ရရှိသူဖြစ်ပြီး သကြားစက်လုပ်ငန်း၊ သစ်အချောထည်လုပ်ငန်းများ အပါအဝင် စီပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။

၎င်းပိုင်းဆိုင်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာရှိ ဂရိတ်ဝေါလ်သကြားစက်၊ အီသနောစက်ရုံများနှင့် ပတ်သက်၍ ဒေသခံများနှင့် မြေယာအငြင်းပွားမှုများ ရှိခဲ့ပြီး အဆိုပါစက်ရုံများမှ စွန့်ပစ်ရေဆိုးများကို ဧရာဝတီမြစ်အတွင်း တိုက်ရိုက်စွန့်ပစ်ခဲ့သဖြင့် ဒေသခံ အများအပြားက ဝေဖန်ခဲ့ကြသည်။

Eleven Media Group 

No comments:

Post a Comment