Friday 16 January 2015

ဗိုလ်ချုပ်ပုံတူ ကိုယ်ပွား ကြေးရုပ် ထပ်မံ ပြုလုပ်

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အနေဖြင့် အင်းစိန် မြို့နယ် အောင်ဆန်းမြို့၊ အောင်ဆန်း စက်မှု လက်မှု အထက်တန်း ကျောင်းဝင်း အနောက်ဘက် ဗိုလ်ချုပ် ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ရှေ့တွင် ဗိုလ်ချုပ် ပုံတူ ကိုယ်ပွား ကြေးရုပ် အသစ်အား ပြုလုပ်လျက် ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နှင့် ဗိုလ်ချုပ် ပန်းခြံ ဘက်စုံ ပြုပြင် မွမ်းမံရေး ကွန်ရက် ထံမှ သိရသည်။ အဆိုပါ ကွန်ရက်နှင့် အတူ အင်းစိန်မြို့ နယ်ရှိ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များက ဦးဆောင် ပါဝင်ပြီး ဗိုလ်ချုပ် ပုံတူ ကိုယ်ပွား ကြေးရုပ်အား ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ် နှစ်တစ်ရာပြည့်နဲ့ တိုက်ဆိုင်တာက တစ်ခုပေါ့။ အဓိက ရည်ရွယ်ချက်က အောင်ဆန်းမြို့မှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီး တိမ်မြုပ် ပျောက်ကွယ် သွားမှာကို စိုးရိမ်တယ်။ သမိုင်းပျောက်သွား မှာကို စိုးရိမ်လို့ ပြန်ဖော်ထုတ်တဲ့ အနေနဲ့ လုပ်တာပါ ဟု ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် နှင့် ဗိုလ်ချုပ် ပန်းခြံ ဘက်စုံ ပြုပြင် မွမ်းမံရေး ကွန်ရက်ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောသည်။ နောက်ပိုင်း တွင်လည်း နဂိုရှိ ထားသော မူလ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်အား ပြန်လည် ပြုပြင် နိုင်ရန် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ် ပန်းခြံနဲ့ ဗိုလ်ချုပ် ကြေးရုပ် ပြန်လည် ပြုပြင်ဖို့ ကိုလည်း လွှတ်တော်မှာ တင်ပြ ပြီးပြီ။ အဲဒီ နေရာက သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာန လက်အောက်မှာ ရောက်နေတော့ ဒါကို စည်ပင်က လွှဲပြောင်း ရယူပြီး ပန်းခြံကို ကောင်းကောင်း မွန်မွန် ပြန်လုပ်ပေး ဖို့ကို လွှတ်တော်မှာ   တင်ပြထား ပါတယ်ဟု အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းမြင့်က ပြောသည်။ အင်းစိန် မြို့နယ်တွင် ဗိုလ်ချုပ်နှစ် တစ်ရာပြည့် အထိမ်းအမှတ် အနေဖြင့် ဖေဖော်ဝါ ရီလ (၁၂) ရက်နေ့တွင် စာပေဟောပြောပွဲ ကျင်းပမည် ဖြစ်ပြီး (၁၃) ရက်နေ့တွင် သံဃာတော် အပါး(၁၀၀)အား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment