Thursday 20 November 2014

KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် စည်ပင်တို့ကြား မြေကွက်အငြင်းပွားမှု ဒဂုံမြောက်ပိုင်းတွင် ဖြစ်ပွားနေ

 KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ကုန်သွယ်ရေးရုံး ဆောက်လုပ်ရန် ၀ယ်ယူ ထားသည့် မြေကွက်သည် စည်ပင်သာယာက မြို့သစ်စီမံကိန်းအကောင်အထည်ဖော်သည့် မြေနေရာဖြစ်၍ မြေယာ အငြင်းပွားမှုဖြစ်နေကြောင်း သတင်းရရှိသည်။

မြို့သစ်စီမံကိန်းအတွက် သတ်မှတ်ထားသည့် နေရာဖြစ် နေခြင်းကြောင့် ဆောက်လုပ်ထား သည့် နေအိမ် များကို စည်ပင်သာယာက ၀င်ရောက်ဖျက်ဆီးခဲ့ ကြောင်း နိုဝင်ဘာ ၁၇ ရက်က KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ စီးပွားရေးရုံးတာဝန်ခံဗိုလ်မှူးမိုက်ကယ်က ပြောသည်။

‘‘ဒီနေရာတွေကို အရင်လယ်သမားတွေ လက်ထဲက ပြန်ဝယ်ထားတာပါ။ အရင်ရှိထားတဲ့ အထောက် အထားတွေနဲ့ မူလလယ်သမားတွေကနေ သိမ်းထားတာ၊ လျော်ကြေးဆိုတာ နိုင်ငံတော်အနေနဲ့ ပေးထား တာ မရှိတဲ့အတွက် ပြန်ဝယ်လိုက်တာပါ။ ဒါကိုဥပဒေဘောင်ထဲကနေပဲတောင်းဆို သွားမှာပါ’’ဟု ဗိုလ်မှူးမိုက်ကယ်က ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်အတွင်း ကွင်းအမှတ် ၄၆၇ မှ ၄ ဒသမ ၁၇ ဧကရှိ လယ်မြေကွက် များကို ကျပ်သိန်းသုံးထောင်ဖြင့် ၀ယ်ယူခဲ့ပြီး အဆိုပါ မြေကွက်များကို ၁၉၉၁ က မြို့သစ်စီမံကိန်းအတွက်  မြို့ရွာအိုးအိမ်ဦးစီးဌာနက သိမ်းယူခဲ့ခြင်း ဖြစ်သည်။ စီမံကိန်းမြေနေရာဟု သိထားသော်လည်း မူလ လယ်သမားများကို တရားဝင်မြေယာလျော်ကြေးပေးထားခြင်း မရှိသည့်အတွက် လယ်သမားသုံး ဦးပိုင် မြေကွက်ကို ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မြို့သစ်စီမံကိန်းအတွက် သိမ်းယူမြေကွက်တွင် ပါဝင်သော လယ်သမား ၅၈ ဦးအား မြေယာလျော်ကြေး အဖြစ် တစ်ဦးလျှင် ကျပ်ဆယ်သိန်းနှုန်း ပေးခဲ့ပြီး ထွက်ခွာပေးရန် ညွှန်ကြားချက်ထုတ် ပြန်ခဲ့သည်။ မြေယာ လျော်ကြေးပေး ရာတွင် နိုင်ငံတော်ကပေးခြင်းမဟုတ်ဘဲ မည်သည့်အဖွဲ့အစည်းများက ပေးသည်ကို မသိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပါဝင် သူ လယ်သမားဒေါ်သန်းသန်းဝင်း က ပြောသည်။

‘‘စီမံကိန်းက သတ်မှတ်ပြီး သားပါ။ ဘယ်လိုပဲ တားဆီးတာတွေ ရှိနေပါစေ  ဆက်ပြီးအကောင်အထည် ဖော်သွားမှာပါ။ မြေကွက် ၀ယ်ယူကြတာဟာ အဖွဲ့အစည်း အမည်ခံပြီး ၀ယ်ကြတာပါ။ နိုင်ငံတော်စီမံကိန်း အနေနဲ့ အားလုံးအတွက် သက်သာတဲ့ အိမ်ရာတွေကို အကောင်အထည်ဖော်ဖို့ အတွက်သာ ရှိပါတယ်။ တစ်ဦးတစ်ယောက်ကောင်းဖို့အတွက် မဟုတ်ပါဘူး’’ဟု ဒဂုံမြို့သစ်မြောက်ပိုင်းစည်ပင်လမ်းတံတားဌာန လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဇော်မောင်ထွေးက စီမံကိန်းလုပ်ဆောင်ရခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားသည်။

7Day DAILY

No comments:

Post a Comment