Thursday 20 November 2014

ကျောင်းသား သပိတ် ကာလ (၄) ရက်အတွင်း အလှူငွေ ကျပ်သိန်း (၄၀)ကျော် ရရှိ

အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားများ ကန့်ကွက် သပိတ်မှောက် ခဲ့သည့် လေးရက်တာ ကာလ အတွင်း ပြည်တွင်း၊ ပြည်ပမှ အလှူငွေ စုစုပေါင်း ကျပ် (၄၀၈၅၆၀၀)ရရှိခဲ့ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ သိရသည်။လှူဒါန်း ချင်တဲ့ လူတွေ အနေနဲ့ ဆက်လက် ပြီး လှူဒါန်းလို့ ရပါသေးတယ်။ အခု ဆန္ဒပြ ပွဲက ပြီးသွားတာ မဟုတ်ပါဘူး။
ဆက်ပြီး တိုက်ပွဲဝင် ရဦးမှာ ဖြစ်တဲ့ အတွက် ရန်ပုံငွေ လိုအပ် ပါတယ် ဟု ဒီမိုကရေစီ လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုအောင်နေပိုင် က ပြောသည်။ ဆက်သွယ် လှူဒါန်း လိုပါက ဖုန်းနံပါတ် ၀၉ ၄၃၁၈၉၃၀၃ နှင့် ၀၉ ၃၃၁ ၆၄၃၆၉ တို့ ကို ဆက်သွယ် လှူဒါန်း နိုင်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ထုတ်ပြန် ထားသည်။ သပိတ်မှောက် ဆန္ဒပြမှု မပြုလုပ်မီ ကလည်း ကျောင်းသား လှုပ်ရှားမှုများ ပြုလုပ်ရန် အတွက် ပန်းရဲ့လမ်း ဖျော်ဖြေပွဲ များတွင် လည်းကောင်း၊ နီးစပ်ရာ မိတ်ဆွေများ ထံတွင် လည်းကောင်း၊ သံချပ်ထိုး၍ လည်းကောင်း လိုက်လံ အလှူခံခဲ့ရာ ကျပ်သိန်း ခုနစ်ဆယ်ကျော် ရရှိ ထားကြောင်း သိရသည်။ သို့သော် ဘဏ္ဍာငွေ စာရင်း အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အဆိုပါ သပိတ်မှောက် ဆန္ဒပြပွဲကို နိုဝင်ဘာလ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့ အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ယခုအခါတွင် အဆိုပါ သပိတ်မှောက် ဆန္ဒပြပွဲကို ခေတ္တ ရပ်နားထားပြီး ရက်ပေါင်း (၆၀) အတွင်း လာရောက် ဆွေးနွေးရန် အစိုးရကို တောင်းဆို ထားသည်။ အကယ်၍ ရက်ပေါင်း (၆၀) ပြည့် သည့် အချိန်တွင် အစိုးရ ဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိပါက ပြီးခဲ့သည့် လှုပ်ရှားမှုထက် ကြီးမားသေား လှုပ်ရှားမှု များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ကျောင်းသားများက ထုတ်ပြန် ထားကာ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ၊ ပညာရေး ပြုပြင် ပြောင်းလဲမှု နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်၊ အစိုးရနှင့် လွှတ်တော်တို့ လေးပွင့်ဆိုင် ဆွေးနွေးရန်လည်း တောင်းဆို ထားသည်။

အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားများ သပိတ်မှောက်ခြင်းနှင့် ပတ်သက်၍ အမျိုးသား ပညာရေး ဥပဒေကို လွှတ်တော်သို့ တင်ပြ လာပါက အလေးထား သုံးသပ်ပေး သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ (၁၈) ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောဆို ထားသည်။

Messenger News Journal

No comments:

Post a Comment