Monday 18 August 2014

နေပြည်တော်အနီး ဗဟိုပြု၍ ငလျင်လှုပ်

ယနေ့ နံနက်အစောပိုင်းက နေပြည်တော်၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ကြိမ်လှုပ်ခဲ့ကြောင်း မိုး/ဇလဌာန (ငလျင်ဌာခွဲ)မှ သတင်းရရှိသည်။
‘‘နေပြည်တော်တစ်ခုပဲ သိသိသာသာခံစားလိုက်ရတာပါ။ ဗဟိုပြုတဲ့နေရာမှာ တောင်ကုန်းတွေများတော့ တခြားနေရာတွေ မသိလိုက်ပါဘူး’’ဟု မြေငလျင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါငလျင်သည် နေပြည်တော်နှင့် ၁၀ မိုင်ခန့်အကွာ နေပြည်တော်နှင့် တောင်တွင်းကြီးမြို့ကြား ကုန်းတွင်းတစ်နေရာကို ဗဟိုပြုခဲ့ကြောင်း မြေငလျင်ဌာနက သတင်းထုတ်ပြန်ထားပြီး တောင်တွင်းကြီးမြို့ အနီးပတ်ဝန်းကျင်များတွင်မူ ခံစားလိုက်ရခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။ 

ယခု ငလျင်လှုပ်ရာနေရာသည် ပဲခူးရိုးမအနောက်ဘက်ခြမ်း ပြတ်ရွှေ့ကြောတွင်ရှိပြီး ၂၀၀၃ ခုနှစ် စက်တင် ဘာ လက တောင်တွင်းကြီးမြို့တွင် ပြင်းအား ရစ်ခ်ျတာစကေး ၆ အဆင့်အထက်ဖြင့် လှုပ်ခဲ့ဖူးသည်။ နာမည်ကျော် စကိုင်းပြတ်ရွှေ့ကြော၊ ၁၉၇၅ ခုနှစ်က ပုဂံငလျင်ကိုဖြစ်စေခဲ့သည့် ဂွေးချိုငလျင် ကြောတို့နှင့် ဆက်စပ်နေပြီး ငလျင်ငယ်လေးများ နှစ်စဉ်လှုပ်လေ့ရှိကြောင်း တောင်ငူတက္ကသိုလ်၊ ဘူမိဗေဒဌာန၊ လက်ထောက်ကထိက ဒေါက်တာ စိုးမင်းက ပြောသည်။

နေပြည်တော်အနီး ဗဟိုပြုခဲ့သည့် ငလျင်မှာ မြန်မာပြည်တွင်းကို ဗဟိုပြု၍ သုံးရက် အတွင်း နှစ်ကြိမ် လှုပ် သည့် ငလျင်ဖြစ်ပြီး ဩဂုတ် ၁၆ ရက် နံနက်က ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက်မိုင် ၂၀ ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၉ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားခဲ့သည်။

7Day News Journal

No comments:

Post a Comment