Monday 18 August 2014

ပဲခူးရေဘေး ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာမှ အပြန် လှူဒါန်းသူတစ်ဦး ရေနစ်သေဆုံး

ပဲခူးမြို့ ရေဘေး ကယ်ဆယ်ရေးသို့ ဆေးဝါးနှင့် အစားအသောက်များ သွားရောက် လှူဒါန်းခဲ့သော မိုဘိုင်းလ်ပြုပြင်ရေး သင်တန်းသားအဖွဲ့မှ အသက် ၂၄ နှစ်အရွယ် သင်တန်းသားတစ်ဦး အပြန်တွင် လမ်း တစ်ထောက် နားရာ၌ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။
လှိုင်မြို့နယ်၊ ပါရမီအိမ်ရာရှိ မိုဘိုင်းလ်ပြုပြင်ရေး သင်တန်းမှ သင်တန်းသားများသည် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ရေဘေး ကယ်ဆယ်ရေးသို့ သွားရောက်လှူဒါန်းခဲ့ပြီး ရန်ကုန်မြို့သို့ အပြန် အမှတ် (၃) လမ်းနှင့် ထောက်ကြန့် တိုးဂိတ်ကြားရှိ ဆည်မြောင်းအတွင်း ရေဆင်းကူးရာမှ သုံးခွမြို့နယ်တွင် နေထိုင်သူ သင်တန်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ထောက်ကြန့် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြော ကြားသည်။

“အမှတ် (၃) ကားလမ်းဘေးက စားသောက်ဆိုင်မှာ သူတို့အဖွဲ့က မုန့်ဝင်စားပြီး ဆည်မြောင်း ထဲ ရေဆင်း ကူးကြတာ။ ရေကြီးနေချိန်မို့ မြောင်းရေလျှံနေတာ အနက်က ၁၅ ပေလောက် ရှိတယ်။ ရေနစ်နေတဲ့ သင်တန်းသားကို သူတို့အဖွဲ့က ဝိုင်းရှာဖွေပြီး ဆေးရုံပို့ပေမယ့် လမ်းခုလတ်မှာ ဆုံးသွားတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ရေနစ်သေဆုံးခဲ့ သူ ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပီအာရ် ၀၄ ဖြင့် ပို့အပ်ထားပြီး မင်္ဂလာ ဒုံမြို့နယ် ထောက်ကြန့် နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၀/၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment