Friday 18 July 2014

တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား တိုင်ဖွန်းမုန်တိုင်း အဆင့်-၃ ဖြင့် ဖြတ်ကျော် တိုက်ခတ်ခဲ့သော TYPHOON RAMASSUN(09W) (ဖိလစ်ပိုင်အမည် – GLENDA)သည် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ ၏ တောင်ဘက် မိုင် ၆ဝ ခန့်မှ ကပ်၍ ဖြတ်ကျော်ပြီး တောင်တရုတ် ပင်လယ်(အနောက် ဖိလစ်ပိုင် ပင်လယ်)သို့ စတင်ဝင်ရောက် လျှက်ရှိပါသည်။ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဒေသအား ကုန်းမြေပေါ်မှ ၂၆၅ မိုင်ခန့် ဖြတ်သန်းရွေ့လျားခဲ့ပြီး တောင်တရုတ် ပင်လယ်အား ဖြတ်သန်းကာ ဒုတိယ မြောက် landfall အဖြစ် ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် လည်းကောင်း၊ တတိယမြောက်နှင့် နောက်ဆုံး landfall အဖြစ် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့ အရှေ့ဘက် မိုင် ၉ဝ ခန့်အကွာ တုံကင်ပင်လယ် ကမ်းခြေကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင်လည်းကောင်း ဆက်လက် ဖြတ်ကျော်ဝင်ရောက်မည်ဟု ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်း ပုံဖေါ်ချက်များတွင် တွေ့ရပါသည်။(ပုံ-၁)


မုန်တိုင်းသည် တောင်တရုတ်ပင်လယ်အား ဖြတ်သန်းစဉ် ဇူလိုင် ၁၇ ရက်၊ မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ ပြန်လည်အားကောင်းလာမည်ဖြစ်ကြောင်း၊ ဇူလိုင် ၁၈ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ – ဟိုင်နန်ကျွန်းအရှေ့မြောက်ကမ်းခြေမှ မိုင် ၈ဝ ခန့်တွင် အင်အား အကောင်းဆုံးအခြေအနေ(ဗဟိုလေတိုက်နှုန်း 110 knots(126.58 mph) သို့ ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင် ဗီယက်နန်မြောက်ပိုင်း ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် အားလျော့ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တရုတ်(ယူနန်ပြည်နယ်)နှင့် မြန်မာ(ရှမ်းပြည်နယ်မြောက်ပိုင်း)နယ်စပ်အနီး- ကျိုင်းတုံမြို့ အရှေ့မြောက် ဘက် မိုင် ၁ဝဝ ခန့်အထိ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်း ဗီယက်နန်ကမ်းခြေသို့ စတင် ချဉ်းကပ် ချိန် ဇူလိုင် ၁၉ ရက် နေ့လည်ပိုင်းမှ စတင်ပြီး အနောက်တောင်မုတ်သုံလေစီးကြောင်းသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ(ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့်၊ မွန်-တနင်္သာရီဒေသတစ်ခုလုံး)တွင် အားအလွန်ကောင်းလာနိုင်မည် ဖြစ်ကြောင်း တွေ့ရပါသည်။(ပုံ-၂)

By mmweather.ygn,
http://blog.mmweather.com/2014/07/16/typhoon-rammasun-09w-2/ 

No comments:

Post a Comment