Friday 18 July 2014

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ထိုင်းအာဏာသိမ်း စစ်တပ်က နိုင်ငံခြားခရီး ထွက်ခွင့်ပေး

ထိုင်းအာဏာသိမ်း စစ်တပ်က ရာထူးမှ ဖယ်ရှားခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ် ကို နိုင်ငံခြားခရီးသွားခွင့် ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရားထူးမှ ဖယ်ရှားခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် သူမ၏ အစ်ကိုဖြစ်သူ သက်ဆင်၏ မွေးနေ့ပွဲ တက်ရောက်ရန် နိုင်ငံခြားခရီးသွားခွင့် တောင်းခံခဲ့ခြင်းကို ထိုင်းစစ်တပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် စစ်တပ်က ချမှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်း မရှိဘဲ၊ အေးအေးဆေးဆေး နေထိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ နိုင်ငံခြားခရီးစဉ်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်ထိုင်းဆူဗာရီးက ပြောကြားသည်။

အစ်ကိုဖြစ်သူ ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် အသက် ၆၅ နှစ်မြောက် မွေးနေ့ကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပမည်ဖြစ်ရာ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်မှာ အဆိုပါပွဲသို့ တက်ရောက်ရန် ခွင့်တောင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၁၀ ရက်နေ့ထိ ဥရောပသို့ ခရီး သွားရောက်ရန် ထိုင်းစစ်တပ်ကို ခွင့်တောင်းခံခဲ့ခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ခုနစ်လတာ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းစစ်တပ်က အာဏာ သိမ်း ယူ  ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထုတ်ပြန် ကြေညာထားသည်။

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် အမျိုးသားလုံခြုံရေး အကြီးအကဲကို တရားမဝင် ရာထူးပြောင်းလဲ ခန့်ထားခဲ့မှုဖြင့် ထိုင်းစစ်တပ် အာဏာ မသိမ်းမီကပင် ရာထူးမှ ဖယ်ရှားခံထားရသူ ဖြစ်သည်။

ထို့အတူ သူမသည် ထိုင်းအစိုးရ၏ ဆန်စပါး ဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍လည်း တာဝန်ပေါ့လျော့ မှုဖြင့် လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရသည်။

ထိုင်းစစ်တပ်သည် မေလ ၂၂ ရက် နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက် အရပ်သားများဖြင့် ဖွဲ့စည်းမည့် ကြားဖြတ် အစိုးရ အဖွဲ့တွင်လည်း လုံခြုံရေး တာဝန်ကို စစ်တပ်က ဆက်လက် တာဝန်ယူမည်ဟု ကြေညာ ထားသည်။

The Voice Weekly 

No comments:

Post a Comment