Friday 18 July 2014

ကိုရီးယားနိုင်ငံသားပိုင် MASTER SPORTS ဖိနပ်စက်ရုံ လုပ်သား ၆၀၀ ကျော် လစာနှင့် စက်ရုံပိတ်သိမ်းကြေးများရရှိရေးအတွက် လှိုင်သာယာမြို့နယ်မှ ကိုရီးယားသံရုံးရှေ့သို့လမ်းလျှောက်ဆန္ဒပြ

ကိုရီးယားနိုင်ငံသားပိုင် MASTER SPORTS ဖိနပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် လမ်းလျှောက် ဆန္ဒပြနေ သည်ကို တွေ့ရစဉ်
ကိုရီးယားနိုင်ငံသားပိုင် Master sports ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝ ကျော်က ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် အလုပ်ရှင်ထံက လစာငွေရရှိရေးနှင့် စက်ရုံပိတ်သိမ်းကြေး နစ်နာငွေရရှိရေးအတွက် လှိုင်သာယာမြို့နယ်မှ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့သည်။
ဆန္ဒပြရာတွင် အလုပ်သမား ၆ဝဝ ကျော်က စက်ရုံယူနီဖောင်းများ ဝတ်ဆင်လျက် “ဇွန်လအတွက် လုပ်ခ လစာ အမြန်ဆုံးရရှိရေး”၊ “အလုပ်ပိတ်နစ်နာကြေး ခံစားခွင့်ရရှိရေး”၊ “ကိုရီးယားပိုင် Master sports ကုမ္ပဏီအား blacklist ကြေညာရေး”စသည့် စာတန်းများရေးသားထားသော ပိုစတာများ ကိုင်ဆောင်၍ “ဥပဒေနှင့်ဆန့်ကျင်သော အလုပ်ပိတ်ခြင်းကို အရေးယူပေးရေး”၊ “အလုပ်ရှင် Mr.Bang In Ho အား တရားစွဲဆိုရေး”နှင့် “နိုင်ငံတော်အစိုးရက အလုပ်သမားအခွင့်အရေးကို ကာကွယ်စော င့်ရှော က်ပေးရေး”စသည့် ကြွေးကြော်သံများကို လမ်းတစ်လျှောက် ရွတ်ဆိုခဲ့ကြသည်။

“စက်ရုံပိတ်တာလည်း ကျွန်တော်တို့ကို ကြိုတင်အသိပေးခြင်းလည်းမရှိဘူး။ ဒါ့အပြင် ဇွန်လက လစာ မပေးသေးဘူး။ အခြေခံမြို့နယ် ညှိနှိုင်းရေးရုံးမှာ ညှိနှိုင်းတာ ခြောက်ကြိမ်တောင်ရှိပြီ။ လစာငွေကို ပေးမယ် လို့ ခံဝန်ကတိထိုးထားပြီး မပေးသေးတာပါ။စက်ရုံမှာက အလုပ်သမား ၈ဝဝ ကျော်လောက်ရှိတယ်။ အလုပ်ပိတ် လိုက်ပြီဆိုရင်လည်း နစ်နာကြေးတော့ ပေးရမယ်။အခု ဘယ်သူမှ အလုပ်အကိုင်မရှိကြတော့ ဘူး။ စားဝတ်နေရေးအတွက် အရမ်းကိုခက်ခဲနေကြတယ်။
အများစုက မိန်းကလေးတွေ၊ အားလုံးက နယ်ကလာပြီး အလုပ်လာလုပ်ကြတာပါ။ အခုကျွန်တော်တို့မှာ အဆောင်လခ ပေးဖို့တောင်မရှိပါဘူး”ဟု အလုပ်သမားခေါင်းဆောင် ကိုထွန်းနိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဆန္ဒပြသူများအနေဖြင့် စက်ရုံတည်ရှိရာ လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃)မှ စတင်လမ်းလျှောက်၍ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်မြို့နယ် ဘူတာရုံလမ်း၊ အင်းစိန်လမ်းမကြီးတို့တွင် စီတန်းလမ်းလျှောက်ပြီး မြို့နယ် ငါးခုကိုဖြတ်သန်းကာ တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးရှေ့တွင် စုရုံးဆန္ဒပြခဲ့ကြသည်။

ကိုရီးယားနိုင်ငံသားပိုင် Master sports ဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများကို ကိုရီးယားသံရုံးရှေ့တွင် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်

“၁၆ ရက်က အလုပ်သမားရုံးမှာ အလုပ်သမားညွှန်ကြားရေးမှူးချုပ်၊ ဥပဒေအရာရှိရယ်၊ အလုပ် သမားခေါင်းဆောင်တို့ရယ် ညှိနှိုင်းဆွေးနွေးကြတော့ ဘာမှတာဝန်မယူနိုင်ဘူး။ သူဌေးဆီကို အီးမေးလ် ပို့ထားတယ်လို့ပဲပြောတယ်။ အလုပ်ပိတ်နစ်နာကြေးက ဥပဒေအပါအတိုင်း လုပ်သက်အလိုက် ရရှိရမှာပါ။ အခုအနေအထားဆိုရင် အလုပ်ရှင်က အလုပ်သမားဥပဒေကို ချိုးဖောက်ရာရောက်တယ်။ ဒါ့အပြင် ကျွန်မတို့နိုင်ငံရဲ့အလုပ်သမားဥပဒေကို မထီမဲ့မြင်ပြုရာရောက်တယ်။ သူ့အနေနဲ့ အလုပ်သမားတွေနဲ့ တိုက်ရိုက်လာရောက် ဖြေရှင်းသင့်ပါတယ်”ဟု ညိနှိုင်းဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေး ဒုတာဝန်ခံ ဒေါ်မာမာဦးက ပြောကြားသည်။

အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်၌ စက်ရုံဘက်မှ လျော်ကြေးနှင့် ၂ဝ၁၄ ခုနှစ် ၆လပိုင်းစာပေါင်းပြီး လစာတစ်လစာသာ ပေးနိုင်မည်ဖြစ်ကြောင်း လက်ခံသူများအနေဖြင့် လစာငွေကို ၂ဝ၁၄  ခုနှစ် ၇ လပိုင်းမှစတင်၍ ထုတ်ယူနိုင်ကာ နောင်တွင် စက်ရုံဘက်သို့ ထပ်မံမတောင်းဆိုကြောင်း လက်မှတ်ရေးထိုး ရမည်ဟု ပါရှိခဲ့သည်။

ထို့အပြင် စက်ရုံပိတ်သိမ်းရသည့်အကြောင်းမှာ ထုတ်ကုန်အရည်အသွေးစံချိန်မမီ၍ export မပြုလုပ်နို င်သောကြော င့် ကုန်ထုတ်လုပ်မှုကို ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ပါရှိခဲ့သည်။

Eleven Media Group 

No comments:

Post a Comment