Friday 18 July 2014

MPC သည် ကကလှမ်း မဟုတ်သည့်အတွက် အရေးယူပိုင်ခွင့်မရှိကြောင်းနှင့် MPC ကို နားလည်မှုမလွဲရန် ဦးအောင်မင်း ပြောကြား

MPC သည် ကကလှမ်း မဟုတ်သည့်အတွက် မည်သူ့ကိုမျှ အရေးယူခွင့် မရှိကြောင်း နှင့် MPC ကို နားလည်မှု မလွဲရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော အဆိုတစ်ရပ်ကို ဇူလိုင် ၁၇ ရက် က အမျိုးသားလွှတ်တော်သို့ လာရောက်ဖြေကြားစဉ် MPC နှင့် ပတ်သက်သောသတင်းများ ထွက်ပေါ်နေမှုအပေါ် သတင်းထောက်များ၏ မေးမြန်းချက်အား ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အစိုးရဘက်မှ လိုက်ပါဆောင် ရွက်သော ကြားခံအဖွဲ့တစ်ခုအနေဖြင့် EU အပါအဝင် နော်ဝေ အစရှိသော နိုင်ငံတကာ၏ မတည်မှုဖြင့် MPC ကို ၂ဝ၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ MPC အား ဦးဆောင်သူများစာရင်းတွင် သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့က အဓိကပါဝင်ခဲ့သဖြင့် MPC သည်သမ္မတရုံး နှင့် ပတ်သက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေးသမားများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်ခဲ့ကြသည်။

ထို့ပြင် MPC သည် ၎င်းတို့၏ အဓိကတာဝန်ဖြစ်သော ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများအပြင် ပြည်ပရော က်နိုင်ငံရေး သမားများကို ပြည်တွင်းလာရောက်ရန် တွေ့ဆုံဆွေးနွေးခြင်း၊ အခြားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စများ၌ ပါဝင်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာပြီးနောက် ထောက်လှမ်းရေးအရာရှိဟောင်း အချို့ကြားတွင်သာမက နိုင်ငံရေးလေ့လာသုံးသပ်သူများကြားတွင်ပါ MPC ကို ၂ဝဝ၄ ခုနှစ်က ပြိုလဲခဲ့သော ကကလှမ်း (တပ်မတော်ထောက်လှမ်းရေး)နှင့် နှိုင်းယှဉ်ပြောကြားလာကြခြင်း ဖြစ်သည်။

“MPC က ကကလှမ်း မဟုတ်ပါဘူး။ကကလှမ်းဆိုတာကတော့ လူတစ်ယောက်မှာ အပြစ်ရှိတယ်ဆိုရင် ရှိတဲ့သူတွေကိုအပြစ်ဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်တာက ကကလှမ်းပေါ့။ ကန်တော်တို့ MPC ရဲ့ အလုပ်က အပြစ်လိုက်ရှာတဲ့ အလုပ်မှ မဟုတ်တာ။ ကျွန်တော်တို့ ကကလှမ်း မဟုတ်ဘူးဆိုတာ ကြုံတုန်းပြောချင်တယ်။ကျွန်တော်တို့ ဘယ်သူ့ကိုမှလည်းအရေးယူချင်လို့မရဘူး။ အရေးယူပိုင်ခွင့်လည်း မရှိဘူး။ အဲဒါကြောင့် လူတွေက ကျွန်တော်တို့ကို လိုအပ်တာထက် ပိုပြီးတော့အထင်ကြီးနေသလားလို့ ထင်မိတယ်”ဟု ဦးအောင်မင်းက ပြောကြားသည်။

ဦးအောင်မင်းက “ကျွန်တော်တို့ MPC ကိုစထောင်တဲ့အချိန်မှာ ဘာပြောခဲ့သလဲဆိုရင် ဒီမှာရှိတဲ့မီဒီယာတွေ အားလုံးသိတယ်။ကျွန်တော်တို့နယ်မြေဟာ လွတ်မြောက်နယ်မြေ ဖြစ်တယ်။ ခင်ဗျားတို့ကြိုက်တာပြောလို့ ရတယ်။ ဒီမှာပြောလို့ အရေးယူမခံရဘူးလို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ကျွန်တော့်ရဲ့စိတ်စေတနာကို ခင်ဗျားတို့ပြန်ပြီး တန်ဖိုးထားဖို့လိုအပ်တယ်လို့ ပြောချင်တယ်။ နိုင်ငံတော်မှာ မှန်ကန်တဲ့မူဝါဒတွေချမှတ်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ဆန္ဒကိုသိဖို့လို အပ်ပါတယ်။ ပြည်သူ့ဆန္ဒသိဖို့အတွက်လည်း MPC က ဒါကိုလုပ်ပေးနေတာ”ဟု ပြောကြားသည်။

၂ဝဝ၄ ခုနှစ်က ပြိုလဲခဲ့သော ကကလှမ်းသည် အရေးယူဆောင်ရွက်ခြင်းများအပြင် လူထုမြင်ကွင်းတွင်  စဉ်ဆက်မပြတ်ပုံရိပ်ထင်အောင် ကြိုးစားခြင်း၊ အစိုးရ၏ ဝါဒဖြန့်ချိမှုများကို ပါးနပ်လျင်မြန်သွက်လက်စွာနဲ့ နည်းမျိုးစုံသုံး ဖြန့်ချိခြင်း၊ ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်းပြီး ပြည်သူလူထု လိုအပ်သည်များအား နည်းနည်းပေးပြီး ၎င်းတို့လိုချင်သည်ကို များများပုံဖော်ပေးခြင်း အစရှိသည်တို့ကိုလည်း လုပ်ဆောင်ခဲ့သည်။

MPC အနေဖြင့် နိုင်ငံရေးပါတီတွေနဲ့ လည်း တွေ့ဆုံကြောင်း၊ လူထုလူတန်းစား အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံကြောင်း၊ တွေ့ခွင့်တောင်းသူများအားလုံးကို တွေ့မည် ဖြစ်ကြောင်း၊ နိုင်ငံခြားသံတမန်များနှင့် လည်းတွေ့ဆုံကြောင်း ဦးအောင်မင်းကပြော ကြားသည်။

“အဲဒီကိုလာတဲ့သူတွေကိုလည်း အကုန်လုံးနားလည်အောင် ရှင်းပြတယ်။ သူတို့ရဲ့ ခံစားချက် သူတို့ပြောတာကို မှတ်သားနာယူပြီးတော့ နိုင်ငံတော်ကိုပြန်တင်ပြတယ်။ ကျွန်တော်တို့ စပ်ကူးမပ်ကူး လုပ်ပေးနေတယ်။ Bridge တံတားဖြစ်တယ်။ ခင်ဗျားတို့က ကျွန်တော်တို့ကို အထင်လွဲလိုက်ရင် စိတ်မကောင်းဘူး။ တကယ်တော့ ကျွန်တော်လုပ်နေတာ ပြည်သူ့အတွက်လုပ်နေတာ။ကျွန်တော် ခဏခဏ ခင်ဗျားတို့ကိုပြောခဲ့တာရှိတယ်။ ကျွန်တော် ဦးအောင်မင်း ပြုတ်မှာ မကြောက်ဘူး။ သေမှာမကြောက်ဘူး။ ဦးအောင်မင်းအလုပ်လုပ်တဲ့အခါမှာ ဘယ်သူ့အတွက်လုပ်တာလဲ ပြည်သူ့အတွက် လုပ်တာပဲ။ အားလုံး ဆက် စပ်အောင်၊ အားလုံးကို တစ်ယောက်နဲ့တစ်ယောက် တူညီတဲ့ အတွေးအခေါ်ဖြစ်အောင် လုပ်တာ။ အစိုးရက အတွေးအခေါ်တစ်ခု၊ ပြည်သူလူထုက အတွေးအခေါ်တစ်ခု၊ မီဒီယာက အတွေးအခေါ်တစ်ခု ဆိုရင် ကျွန်တော်တို့ဘယ်လိုမှ အလုပ်မဖြစ်နိုင်ဘူး။ အတွေးအခေါ် တစ်ထပ်တည်းဖြစ် ရမယ်။ အတူတူပဲဖြစ်ရမယ်။အဲဒီတော့မှ ကျွန်တော်အလုပ်လုပ်လို့ရမယ်။အားလုံးကို ရန်တိုက်ပေးတာ တစ်ခုမှ မပါဘူး။ ဒါကိုကျွန်တော်တို့ ကြိုးစားပြီးလုပ်နေတာ ဖြစ်တယ်။ ခင်ဗျားတို့လည်း ပါဝင်ပြီး ဆောင် ရွက်စေ ချင်တယ်။ မီဒီယာဆိုတာ ခင်ဗျားတို့နဲ့ ကျွန်တော်တွေ့မှ သတင်းရမှာ။မီဒီယာကို ကျွန်တော်ပြော ချင်တယ်။ ကျွန်တော့်အပေါ်မှာ နားလည်မှုမလွဲပါနဲ့။ MPC ပေါ်မှာ နားလည်မှုမလွဲပါနဲ့။ MPC က ကြားထဲကနေ Bridge လုပ်ပေးနေတယ်ဆိုတာကိုလက်ခံပေးပါ”ဟုပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက် လက်ပြောကြား သည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက MPC သည် ကကလှမ်းကဲ့သို့ မဟုတ်ကြောင်းကို ရှင်းလင်းခဲ့သော်လည်း MPC ၏ နိုင်ငံတကာထောက်ပံ့ငွေကြေးရရှိသုံးစွဲမှု အခြေအနေများကို အသေးစိတ်အချက်အလက်များဖြင့် အကျယ်တဝင့် ပြောကြားခဲ့ခြင်းမရှိဘဲ အလှူရှင်များက ဒုက္ခသည်များအတွက်စားနပ်ရိက္ခာ လှူဒါန်းခြင်းအပိုင်း ကိုသာ စာရင်းဇယားဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

အထူးသဖြင့် လက်ရှိအချိန်တွင် MPC က တရားဝင်ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း ၂ဝ၁၃ ခုနှစ်အတွင်းရရှိခဲ့သော ကိန်းဂဏန်းများအရ နိုင်ငံတကာအဖွဲ့အစည်းများက MPC ကို အမေရိကန်ဒေါ်လာ သန်း ၁၃ဝ ခန့် ထောက်ပံ့ကူညီရန် ကတိကဝတ်များ ပေးအပ်ထားကြောင်းသိရသည်။  ထိုငွေပမာဏ အနက် မည်မျှကိုရရှိထားပြီး ဖြစ်ကြောင်းနှင့် မည်သို့သုံးစွဲမှုများပြုလုပ်နေသည်ကို MPC ဘက်က စာရင်း ဇယား အတိအကျဖြင့် အများပြည်သူသိရှိရန် ထုတ်ဖော်ပြောကြားခြင်းမရှိသည့်အပြင် လွှတ်တော်သို့ လာရောက်အစီအရင်ခံခြင်းလည်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက MPC တွင် ပြုလုပ်သည့် သမ္မတနှင့်အနုပညာရှင်များ တွေ့ဆုံပွဲတွင် သတင်း သမား အချို့ အသံတိတ်ဆန္ဒထုတ်ဖော်မှုအပေါ်အရေးယူခြင်းများနှင့် ပတ်သက်၍လည်း ရှင်းလင်းပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment