Friday 18 July 2014

အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသော မလေးရှားလေကြောင်း လိုင်းလေယာဉ် ယူကရိန်းအရှေ့ပိုင်းတွင် ပစ်ချခံရပြီးနောက် လေယာဉ်ပေါ်လိုက်ပါလာသည့် လူ ၂၉၅ ဦးစလုံး သေဆုံး

ယူကရိန်းအရှေ့ပိုင်း ရှက်တက်မြို့အနီး ပျက်ကျခဲ့သော မလေးရှားလေကြောင်းလိုင်းလေယာဉ်၏ အပျက် အစီး များကို ဇူလိုင် ၁၇ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ
အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသော မလေးရှားလေကြောင်းလိုင်းလေယာဉ် ခရီးစဉ် MH 17 သည် ဇူလိုင် ၁၇ ရက်က ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သူပုန်တို့ ထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျခဲ့သောလေယာဉ်သည် ပစ်ချခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ ပီထရိုပိုရိုရှင်ကိုအက ပြောကြားခဲ့သည်။

ခရီးသည် ၂၈ဝ နှင့် လေယာဉ်အမှုထမ်း ၁၅ ဦး လိုက်ပါလာသော ဘိုးရင်း ၇၇၇ လေယာဉ်သည် မြေပြင် အထက် မီတာ ၁ဝဝဝဝ တွင်ပျံသန်းခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂ဝ မိနစ်တွင်  အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း မလေးရှားလေကြောင်းလိုင်းက ပြောကြားခဲ့သည်။ လေယာဉ်ပေါ်လိုက်ပါ လာသူအားလုံး သေဆုံးခဲ့ကြောင်း ယူကရိန်းလေကြောင်းအာဏာပိုင်အဖွဲ့မှ အမည်မဖော်လိုသော သတင်း ရင်းမြစ်ကို ကိုးကား၍ ရုရှားသတင်းအေဂျင်စီ အီတာတက်စ်က ဖော်ပြခဲ့သည်။

လေယာဉ်၏နေရာကို နောက်ဆုံးဆက်သွယ်သိရှိရသည်မှာ ယူကရိန်းဝေဟင်ပိုင်နက်အတွင်း ဖြစ်ကြောင်း မလေးရှားလေကြောင်းလိုင်းက ပြောကြားခဲ့သည်။

“ GMT 1415 နာရီက ရုရှား-ယူကရိန်း နယ်စပ်နဲ့ ၃၁ မိုင် လောက်အကွာမှာ ခရီးစဉ် MH17 နဲ့ အဆက် အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ ယူကရိန်းလေကြောင်းထိန်းချုပ်ရေးဌာနမှ အကြောင်းကြားချက် ရရှိခဲ့ ပါတယ်” ဟု မလေးရှားလေကြောင်းလိုင်းက အတည်ပြုကြောင်း ၎င်း၏တွစ်တာတွင် ရေးသားခဲ့သည်။ လေယာဉ် သည် မလေးရှားစံတော်ချိန် ဇူလိုင် ၁၈ ရက် နံနက် ၆ နာရီ ၁ဝ မိနစ်တွင် ကွာလာ လမ်ပူလေဆိပ် သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားခဲ့သည်။

မလေးရှားလေကြောင်းလိုင်းလေယာဉ် MH17 ၏အပျက်အစီးများကို ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်

“လေယာဉ်ပစ်ချခံရတယ်ဆိုတာကို ကျွန်တော်တို့ ထည့်မတွက်လို့မရပါဘူး။ ယူကရိန်းစစ်တပ်က ဝေဟင်မှာ ဘယ်ပစ်မှတ်ကိုမှ ပစ်ခတ်ခဲ့ခြင်းမရှိဘူးလို့ အတည်ပြုပါတယ်” ဟု သမ္မတ ပိုရိုရှင်ကိုက ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယူကရိန်းသူပုန်တပ်မှူးတစ်ဦးနှင့် ဆက်နွှယ်သော လူမှုကွန်ရက်မီဒီယာစာမျက်နှာ၌ သူပုန်တို့သည် မလေး ရှားလေ ယာဉ် ပျက်ကျခဲ့သည့်နေရာ၌ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း ရေးသားခဲ့သည်။

ဒိုးနက်သမ္မတနိုင်ငံ၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင်အဖြစ် ကိုယ့် ကိုယ်ကိုယ်ကြေညာထားသော သူပုန်ခေါ င်းဆောင် အီဂေါ်စထရက်ကော့က ယူကရိန်းလေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း သူ၏လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသားခဲ့သည်။ ယင်းမှတ်ချက်ကြောင့် သူပုန်တို့သည် မလေးရှားလေကြောင်း လိုင်းလေ ယာဉ်ကို ယူကရိန်းစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဟုယူဆကာ မှားယွင်းပစ်ချခဲ့ခြင်း ဖြစ်ဖွယ် ရှိကြောင်း ယုံကြည်ရသည်။

   ယူကရိန်းအရှေ့ပိုင်းတွင် မြေပြင်၌ မီးလောင်နေသောလေယာဉ်ကို တွေ့ရှိခဲ့ကြောင်း မော်စကိုရှိလေကြောင်း သတင်းရင်းမြစ်တစ်ခုက ရိုက်တာကိုပြောကြားခဲ့သည်။ မြေပြင်အထက် မီတာ ၁ဝဝဝဝ (၉ ဒသမ ၇ မိုင်) တွင် ပျံသန်းနေသော လေယာဉ်ကို ပစ်ချရင်မြေပြင်မှ ဝေဟင်ပစ် တာဝေးပစ်ဒုံးကျည် လိုအပ်မည်ဟု ကာကွယ်ရေးကျွမ်းကျင်သူတစ်ဦးက ဘီဘီစီကို ပြောကြားခဲ့သည်။ ဒိုးနက်မြို့ရှိ ရုရှားလိုလားသော သူပုန်များက လေယာဉ်ကိုပစ်ချခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

မလေးရှားလေကြောင်းလိုင်းလေယာဉ် MH17 ၏အပျက်အစီးများကို ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်

မကြာသေးခင် ရက်ပိုင်းအတွင်း ယူကရိန်းစစ်ဘက်ဆိုင်ရာလေယာဉ်များ ပစ်ချခံထားခံရသည်။ ရုရှား စစ်တပ်က ယူကရိန်းသူပုန်တို့ကို အဆင့်မြင့်ဒုံးကျည်များ ထောက်ပံ့နေကြောင်း ယူကရိန်းကစွပ်စွဲထားသည်။ ဇူလိုင် ၁၇ ရက် ညနေက ယူကရိန်းစစ်လေယာဉ်တစ်စင်းကို ရုရှားလေတပ်က ပစ်ချခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီက ပြောကြားသည်။ SU-25 လေယာဉ်မှ လေယာဉ်မှူး လွတ်မြောက်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးကောင်စီက ပြောကြားခဲ့သည်။

မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းသည့် မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ် MH370 သည် အိန္ဒိယသမုဒ္ဒရာအတွင်း၌ ပျောက်ဆုံးသွားခဲ့ပြီး လအနည်းငယ်အကြာတွင် ယခုလေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မလေးရှားလေကြောင်းလိုင်းလေယာဉ် ပျက်ကျတဲ့သတင်းကြောင့် ကျွန်တော်တုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော် တို့ ချက်ချင်းစုံစမ်းစစ်ဆေးနေပါတယ်” ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က သူ၏တွစ်တာ တွင် ရေးသားခဲ့သည်။ မလေးရှားအစိုးရသည် ဇူလိုင် ၁၈ ရက်အစောပိုင်းတွင် လေယာဉ်ပျက်မှုအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment