Friday 18 July 2014

အွန်လိုင်း ဘဏ်စနစ်ဆိုင်ရာ လုံခြုံရေး အမေရိကန်ကုမ္ပဏီနှင့် ကမ္ဘောဇဘဏ် ပူးပေါင်းမည်

ခေတ်မီ ဘဏ်စနစ်များတွင် ရင်ဆိုင်ရမည့် ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်ငွေစာရင်းများကို အွန်လိုင်းမှ တိုက်ခိုက်ခြင်း၊ လိမ်လည်ခြင်းများ အပါအဝင် ဘဏ်စနစ် လုံခြုံရေးအတွက် ကမ္ဘောဇဘဏ်က အမေရိကန် ပြည်ထောင်စု အခြေစိုက် EMC ကော်ပိုရေးရှင်း၏ လုံခြုံရေးဆိုင်ရာဌာန RSA နှင့် ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း RSA ၏ အာရှပစိဖိတ်ဒေသနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Mr.Vicent Goah က ပြောကြားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ အွန်လိုင်း ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ မြင့်တက်လျက်ရှိပြီး အွန်လိုင်း ဘဏ်စနစ်၏ ဘဏ်ဝန်ဆောင်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ကြေညာသည်။

ယင်းပူးပေါင်း သဘောတူညီမှုအရ ကမ္ဘောဇဘဏ်၏ အွန်လိုင်းနှင့် ဆိုင်သော ဘဏ်ဝန်ဆောင်မှု သုံးစွဲသူများ၏ အချက်အလက်များကို ခိုးယူခြင်းနှင့် မရိုးသားသော မိုဘိုင်းလ် Application ခြိမ်းခြောက်မှုများ ပိတ်ပင်တားဆီးခြင်း အပါအဝင် တန်ပြန် လုပ်ဆောင်ခြင်းများကို RSA မှ ပညာရှင်များက ဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် စတင်နိုင်မည် ဖြစ်ကြောင်း RSA ထံမှ သိရသည်။

အွန်လိုင်းဘဏ် ဝန်ဆောင်မှုများအတွက် ဘဏ်များက လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်ခြင်းကြောင့် သုံးစွဲသူများအတွက် ကောင်းမွန်ပြီး သုံးစွဲသူများကလည်း လိုက်နာရမည့် နည်းစနစ်များကို စနစ်တကျ လုပ်ဆောင်ရန် လိုကြောင်း၊ အခြားဘဏ်များလည်း လုံခြုံရေးနှင့် ပတ်သက်၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်သင့်ကြောင်း အိုင်တီပညာရှင် တစ်ဦးဖြစ်သူ ဦးဇော်ဇော်မျိုးလွင်က သုံးသပ်ပြောဆိုသည်။

“ဒါပေမဲ့ ဘဏ်တွေက အကောင်အထည် ဖော်ထားတဲ့ အွန်လိုင်းဘဏ် စနစ်တွေက တစ်ခုနဲ့တစ်ခု အရမ်းကွဲပြားနေရင် တစ်ဘဏ်နှင့်တစ်ဘဏ် ချိတ်ဆက် ဆောင်ရွက်တဲ့ နေရာမှာ သုံးစွဲသူတွေ အတွက် Process (လုပ်ငန်းစဉ်) တွေ ရှုပ်ထွေးနိုင်တယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတွင် ပြီးခဲ့သည့် ၁၂ လအတွင်း အွန်လိုင်း အချက်အလက် ခိုးယူမှု ၃၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း RSA ထံမှ သိရသည်။

RSA သည် အမေရိကန်ပြည်ထောင်စု အခြေစိုက် EMC ကော်ပိုရေးရှင်း လက်အောက်ရှိ ဌာနခွဲတစ်ခု ဖြစ်ပြီး ကုမ္ပဏီပေါင်း ၄၅၀ က အွန်လိုင်းလုံခြုံရေး RSA Fraud Action စနစ်ကို အသုံးပြုလျက် ရှိသည်။

The Voice Weekly 

No comments:

Post a Comment