Friday 18 July 2014

မြိုင်ကလေး ဘိလပ်မြေ စက်ရုံ ကားဝင်း ဈေးဆိုင်တန်းရှိ ဆိုင်တစ်ဆိုင်မှ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေ စက်ရုံ ကားဝင်း အတွင်း ဈေးဆိုင် တန်းရှိ ဈေးဆိုင်တစ်ဆိုင်မှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားများကို ဇူလိုင် ၁၂ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိုင်ကလေး ရဲကင်းစခန်းမှ ရဲကင်းစခန်းမှူး ဒုရဲအုပ်စိုးခိုင်၊ နယ်ထိန်း တပ်ကြပ်ကြီး အောင်မြင့်ဦး၊ နယ်ထိန်း တပ်ကြပ် မျိုးဇော်မြင့်၊ တပ်ကြပ် အောင်မြင့်မိုး၊ ဒုတပ်ကြပ် ထွန်းမင်းလတ် တို့သည် မူးယစ် ဆေးဝါး သတင်းအရ ဘားအံမြို့နယ်၊ မြိုင်ကလေး ကျေးရွာအုပ်စု၊ တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ ကားဝင်းရှိ နိုင်နိုင်အေး ၃၃ နှစ်၏ နေအိမ်ဈေးဆိုင်ခန်းသို့ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ဖမ်းဝရမ်း အမှတ် (၁၀/ ၂၀၁၄)ဖြင့် သက်သေအဖြစ် (လှာကာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်) သက်သေများနှင့် အတူ ဝင်ရောက် ရှာဖွေခဲ့သည်။

ယင်းသို့ ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်း အတွင်း၌ နိုင်နိုင်အေးအား အသင့်တွေ့ရှိရပြီး နေအိမ်ဈေးဆိုင်ရှေ့ခန်း ဘုရားဆောင်ပေါ်ရှိ အမွှေးတိုင် အိတ်အောက် တိုင်ကြားထဲမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃ ပြားအား ပလတ်စတစ်အိတ်ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ဖော်ထုတ်နိုင်ရန် အသွင်ယူ ဝယ်ယူခဲ့သော နံပါတ်မှတ်သား မိတ္တူကူး ထားသည့် ငွေစက္ကူ ၅၀၀၀ ကျပ်တန်တို့အား လည်းကောင်း တွေ့ရှိခဲ့သည်။

၎င်းနောက် ဆက်လက် ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်း အတွင်း ချိတ်ထားသည့် အနက်ရောင် လက်ဆွဲအိတ် အတွင်း ထည့်ထားသည့် မိန်းမကိုင် ပန်းရောင် ပိုက်ဆံအိတ် အတွင်းမှ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားရာတွင် ဆက်သွယ် အသုံးပြုသော တယ်လီဖုန်း သုံးလုံးတို့အား လည်းကောင်း ရှာဖွေ တွေ့ရှိ ရ၍ သက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်း သိမ်းဆည်းခဲ့သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ နိုင်နိုင်အေးအား စစ်ဆေးရာ အဆိုပါ စိတ်ကြွ ဆေးပြား များအား လှာကာ ကျေးရွာအုပ်စု၊ ဓမ္မပါလ အောက်ပိုင်းနေ သန်းနိုင်ဦးထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ကွင်းဆက်တရားခံအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး အတွက် သန်းနိုင်ဦး ၂၉ နှစ် ဓမ္မပါလအောက်ပိုင်းရှိ ၎င်း၏နေအိမ်အား မူးယစ်ဆေးဝါး ဖမ်းဝရမ်းအမှတ် (၁၁/၂၀၁၄)ဖြင့် သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ ရှာဖွေ မတွေ့ရှိရသော်လည်း ငွေရောင်ခဲပတ် စက္ကူပိုင်း ခုနှစ်ခု၊ အရှည် လေးလက်မခွဲခန့်ရှိ စတီးပိုက် အသေးတစ်ချောင်း၊ TARYO တံဆိပ်ပါ အနီရောင် ဂက်စ်မီးခြစ် တစ်လုံး၊ GRADE စာတမ်းပါ တယ်လီဖုန်း နံပါတ်များနှင့် ငွေစာရင်းများ ရေးသားထားသော ဗလာ စာအုပ် တစ်အုပ်တို့အား ရှာဖွေတွေ့ရှိရသဖြင့် သက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်း သိမ်းဆည်းခဲ့သည်။

၎င်းအမှုနှင့် ပတ်သက်၍ စိတ်ကြွရူးသွပ် ဆေးပြားများအား လက်ဝယ်တွေ့ရှိသူ နိုင်နိုင်အေး တန်(၄၀၀၀) ဘိလပ်မြေစက်ရုံကားဝင်း ဈေးဆိုင်တန်း နေထိုင်သူနှင့် သန်းနိုင်ဦး ဓမ္မပါလအောက်ပိုင်းရပ်ကွက် နေထိုင် သူတို့ နှစ်ဦးအား ဥပဒေအရ အရေးယူပေးရန် မြိုင်ကလေးရဲကင်းစခန်းမှူး ဒုရဲအုပ် စိုးခိုင်မှ တရားလိုပြုလုပ် တိုင်တန်း၍ ဘားအံမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment