Monday 28 July 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရန်ကုန်အနောက်ပိုင်း ခရိုင်လုံးကျွတ် ဆန္ဒပြ


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ဆန္ဒပြနေစဉ်
၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေပြင်ဆင်ရေး ရန်ကုန်အနောက်ပိုင်း ခရိုင်လုံးကျွတ် ဆန္ဒပြပွဲကို ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှစတင်၍ လူဦးရေ ၅၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို ကိုယ်စားပြု၍ ခရိုင်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဆန္ဒပြရန်အတွက် စမ်းချောင်းမြို့နယ် မြေနီကုန်းပန်းခြံအနီး၌ လူစု၍ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် အားကစားကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “အခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားတစ်ရပ်လုံး တွန်းအားပေး”၊ “၄၃၆ ကို ချက်ချင်းပြင်၊ ပုဒ်မ ၅၉(စ) အလိုမရှိ” ဟု ရေးသားထားသောဘုတ်များ ကိုင်ဆောင်၍ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒို့အရေး”၊ “စစ်ကျွန်ဘ၀ လွတ်မြောက်ရေး ၄၃၆ ကိုပြင်ဆင်ပေး ဒို့အရေး”၊ “တိုင်းရင်းသား တန်းတူညီမျှမှုရရှိရေး အခြေခံဥပဒေပြင်ဆင်ပေး ဒို့အရေး”၊ “ဒီမိုကရေစီရရှိရေး အခြေခံဥပဒေပြင်ဆင်ပေး ဒို့အရေး” နှင့် “စားဝတ်နေရေးပြေလည်ရေး အခြေခံဥပဒေပြင်ဆင်ပေး ဒို့အရေး” ဟူ၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

“ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူ့ဆန္ဒမပါဝင်ဘဲ ဖွဲ့စည်းထားတဲ့ ဥပဒေပါ။ ဒါကိုပြင်မှ ဖြစ်မယ်။ မြို့နယ်အသီးသီး၊ တိုင်းဒေသကြီးအသီးသီးမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေး ဖို့ တောင်းဆို ဆန္ဒပြနေတာပါ။ ဒီတော့ အစိုးရအနေနဲ့ ပြည်သူတွေမလိုလားတဲ့ ဒီအခြေခံဥပဒေကို ပြင်ဆင်ပေးစေ ချင်တယ်” ဟု ဆန္ဒပြရာတွင်ပါဝင်သည့် ကိုမြတ်ကျော်က ပြောကြားသည်။      

ထို့အပြင် အဆိုပါဗိုလ်စိန်မှန် အားကစားကွင်း၌ ‘လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း’ အဖွဲ့မှ ဖျော်ဖြေမှုများ ပြု လုပ် ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များ က ဟောပြော မှု များ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် အရပ်ဘက်လူ့အဖွဲ့စည်းများဖြစ်သည့် ဒီမိုကရေစီအင်အားစု၊ လိုင်ဇာငြိမ်း ချမ်းရေး လမ်းလျှောက်အဖွဲ့၊ ရန်ကုန်လူငယ်များ အစည်းအရုံး၊ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ အခြားအရပ်ဘက် လူအဖွဲ့စည်း ၃၀ ကျော်နှင့် စိတ်ပါဝင်စားသူများလည်း ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရန်ကုန်အနောက်ပိုင်း ခရိုင်လုံး ဆိုင်ရာ ဆန္ဒပြပွဲကို လူဦးရေ ၃၀၀၀ ကျော်ဖြင့် ဒေါပုံမြို့တွင် ပြုလုပ်ခဲ့သည့်အပြင် ဇွန်လအတွင်း၌ လည်း သန်လျင်မြို့နယ်တွင် တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment