Monday 28 July 2014

ကျောက်မဲရဲစခန်း၌ အချုပ်ခန်း ဖောက်ပြေး၊ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မြို့မ ရဲတပ်ဖွဲ့စခန်းတွင် အချုပ်သား ခုနစ်ဦးက အချုပ်ခန်းဖောက် ကာ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ထွက်ပြေးသဖြင့် ရဲက ပစ်ခတ်ဖမ်းဆီးရာ အချုပ်သားသုံးဦး သေဆုံးပြီး ရဲလေးဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့မ ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။
အချုပ်သားများ တိုက်ခိုက်၍ ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် လေးဦးတွင် ကျောက်မဲ မြို့မရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဦးလည်း ပါဝင်ကြောင်း ယင်းရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီ ဝန်းကျင်တွင် တာဝန်မှူး ဒုတိယရဲအုပ် ထွန်းခိုင်စိုး၊ ကင်းမှူး ရဲတပ်ကြပ် ခင် လှဌေး၊ ရဲတပ်ကြပ် နောင်နောင်တို့ ရဲစခန်းအမှတ် (၂) ရှိ အမျိုးသားအချုပ်ခန်းကို စောင်များ ထည့် သွင်းပေး စဉ် အချုပ်သားတစ်ဦးက စတင်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ ဒုတိယ စခန်းမှူး ရဲအုပ် ကျော်ဇောလင်းက ပြောကြားသည်။

အဆိုပါ အချုပ်သားသည် ဒုတိယတပ်ကြပ် နောင်နောင်ကို လက်သီးဖြင့် ထိုးပြီး အချုပ်ခန်းပြင်ပသို့ ထွက် လာ သဖြင့် ကျန်ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းလုံးထွေး ထိန်းချုပ်နေစဉ် အခြားအချုပ် သား ခြောက်ဦး ကလည်း ရဲတပ်ဖွဲ့ဝင်များကို ရန်ပြုကာ သံဆန်ခါများကို ဖျက်ဆီး၍ ထွက်ပြေးခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

အဆိုပါဖြစ်စဉ် ဖြစ်ပွားနေချိန်တွင် စခန်းမှူး ဒုတိယရဲမှူး ကျော်ဦး ဦးဆောင်ကာ ရဲစခန်းအတွင်း စစ်ဆေး မှုများ ပြုလုပ်နေချိန် ဖြစ်သဖြင့် ချက်ချင်းလာရောက် ထိန်းသိမ်းခြင်း ဖြစ်ကြောင်း မြို့မ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ထွက်ပြေး အချုပ်သားများကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သုံးဦး သေနတ်ထိမှန် သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကာ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယစခန်းမှူး ရဲအုပ် ကျော်ဇောလင်းထံမှ သိရသည်။ ဒဏ်ရာရရှိခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင် သုံးဦး၊ အချုပ်သား နှစ်ဦးကို ကျောက်မဲခရိုင် ဆေးရုံကြီး တွင် ဆေး ကုသနေကြောင်း၊ စခန်းမှူး ဒုတိယရဲမှူး ကျော်ဦးတွင် ဦးခေါင်းနှင့် ညာဘက်နံရိုး အပြင်းအထန် ဒဏ်ရာ ရရှိသဖြင့် မန္တလေးမြို့တော် ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင် ကုသပေးနေကြာင်း ၎င်းကဆိုသည်။

သေဆုံးသွားသော အချုပ်သား သုံးဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရသည့် ဇော်မင်းထွေး၊ ကျော် လှိုင်နှ င့် လောက်လူတို့ ဖြစ်ကြောင်း ဒဏ်ရာရရှိသည့် အချုပ်သားများမှာလည်း မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေသူများ ဖြစ်ပြီး ကျန်ထွန်း၊ အောင်ပြည့်ဖြိုးတို့ ဖြစ်ကြကြောင်း ကျောက်မဲ မြို့မရဲစခန်းမှ သိရှိရသည်။

ကျောက်မဲမြို့တွင် အချုပ်ခန်းနှင့် အချုပ်ခန်းတွင် ထိန်းသိမ်းထားနိုင်သည့် အချုပ်သားဦးရေထက် အချုပ်သား ပိုများနေကြောင်း၊ ကျောက်မဲသည် ခရိုင်မြို့ ဖြစ်သဖြင့် ထိန်းသိမ်းထားရသည့် အချုပ်သားဦးရေ များပြားကာ သင့်လျော်သည့် အချုပ်ထောင်တစ်ခု တည်ဆောက်ရန် လိုအပ်နေကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦတင်မောင်သိန်း က ပြောကြားသည်။

(နေမျိုးနွယ်)
The Voice Weekly

No comments:

Post a Comment