Monday 28 July 2014

ဗိုလ်ချုပ်ရုပ်ရှင်ကို ပြည်တွင်းပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်

‘‘အောင်ဆန်း’’ရုပ်ရှင်ရိုက်ကူးရေးကို ပြည်တွင်းပညာ ရှင်များဖြင့် ၂၀၁၅ ခုနှစ်တွင်စတင် ရိုက်ကူးသွားမည်ဖြစ်ပြီး ရိုက်ကူးမည့် ဒါရိုက်တာနှင့် ထုတ်လုပ်သူများကို ဇူလိုင် ၂၇ ရက်တွင်ပြုလုပ်ခဲ့သော အစည်းအဝေး၌အတည်ပြုခဲ့ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကပြောသည်။‘‘ဒီနေ့ပဲ ဆုံးဖြတ်လိုက် တယ်၊ ပရိုဂျူဆာကို မအိအိခိုင်နဲ့ ကိုလူမင်းတွဲဖက်ပြီး တာဝန်ယူ မယ်၊ ရိုက်ကူးရေးကို ကိုယ်ရယ်၊ ဝိုင်းရယ်တွဲဖက်ပြီး တာဝန်ယူမယ် ကျန်တဲ့လူတွေလည်း တာဝန်ခွဲ ဝေပြီး ယူကြပါတယ်’’ ဟု ၎င်းကပြောသည်။

ယင်းရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ပြီးခဲ့သည့်နှစ်စက်တင်ဘာလကတည်းကပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတကာ အရည် အသွေးမီ ရိုက်ကူးနိုင်ရန် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ခဲ့ရာ ရိုက်ကူးမည့် ဇာတ်ညွှန်းနှင့်ပတ်သက်၍ အမြင်မတူသောကြောင့် အဆင်မပြေခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘နိုင်ငံတကာအဆင့် ထုတ်လုပ်နိုင်မယ့်ထုတ်လုပ်သူတစ်ယောက်ကိုရှာတယ်။ ပထမဆုံး ကနေဒါ၊ နောက်ပြီး ပြင်သစ်၊ အခုနောက် ဆုံး အမေရိကန် အဲဒီသံရုံးတွေနဲ့ဆက်သွယ်ပြီးရှာတဲ့အခါ ဘာတစ်ခုထင်ထင်ရှားရှားဖြစ်လာလဲဆိုတော့ ကိုယ်တို့ရေးထားတဲ့ ဇာတ် ညွှန်း အပေါ်မှာ ရှုမြင်တဲ့ပုံချင်းက မတူဘူးဖြစ်နေတယ်။ ကိုယ်တို့က ဒီဟာကို သမိုင်းအနေနဲ့ ရှုမြင်တယ်။ ဒါပေမဲ့ နိုင်ငံတကာက ရုပ်ရှင်အနေနဲ့ပဲရှုမြင်တယ်’’ ဟု မင်းထင်ကိုကိုကြီးက ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ညှိုနှိုင်းနေသည်မှာ ကိုးလကျော်ကြာမြင့်နေပြီဖြစ်သောကြောင့်ဆက်လက်ညှိုနှိုင်းနေပါက လာမည့် ၂၀၁၅ ခုနှစ်တွင် ရိုက်ကူးနိုင်တော့မည် မဟုတ်သောကြောင့် ပြည်တွင်းအနုပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁၀၀ ပြည့်မြောက်သည့် ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment