Monday 28 July 2014

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းရှိယာဉ်များအား သြဂုတ် ၁ ရက်မှစ၍ ညသိပ်ခွင့် မပြုတော့

မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ဇူလိုင် ၁၈ ရက်တွင် ပြောင်းရွှေ့ လာခဲ့သည့် လှိုင်မြို့နယ် ယာဉ်ရောင်း ဝယ်ရေးစခန်းအား သြဂုတ် ၁ ရက်မှ စတင်၍ ညသိပ်ယာဉ် များ ရပ်နားခြင်းကို ခွင့်ပြု သွားတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးအခွန်ဌာန လက် ထောက်ဌာနမှူး ဦးအေးဝင်းက ဇူလိုင် ၂၆ ရက်တွင် လှိုင် ယာဉ်ရောင်းဝယ်ရေးစခန်း တွင်ပြုလုပ်သည့် စာနယ်ဇင်းရှင်း လင်းပွဲတွင် ပြောကြားသွားသည်။
ယင်းကဲ့သို့ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် မော်တော်ယာဉ်များ ဝင်/ထွက် သွား လာခြင်းကို နံနက် ၅ နာရီခွဲ မှ ညနေ ၅ နာရီခွဲအထိသာ ခွင့်ပြုသွား မည်ဖြစ်ပြီး ရောင်းချနေသည့် မော်တော်ယာဉ်များအား ည ၉ နာရီခွဲ အထိ အချိန်သတ်မှတ်ထားရှိ၍ ညသိပ်ရပ်နားပါက တစ်ရက်လျှင် ဒဏ်ငွေ ကျပ် ၁ဝဝဝဝ ပေးဆောင် ရ မည် ဖြစ်ကြောင်း သိရသည်။

''ညသိပ်ရပ်နားခွင့်မပြုခြင်းဟာ သြဂုတ် ၁ ရက်မှ စတင်ကာ အတည်ဖြစ်ပါ တယ်။ မော်တော်ကား ဝယ်ရောင်း သမားတွေရဲ့ ဖြစ်ပေါ်လာမယ့် ယာဉ်ကြော ပိတ်ဆို့မှုတွေ၊ နံပတ်မပါရှိဘဲ လမ်းပေါ်မှာသွားလာ လို့ မရတာတွေနဲ့ အခက် အခဲတွေ ကို အထက်ကို တင်ပြပေးသွားမှာပါ။ သီရီမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းကိုလည်း အခုလိုပဲ ညသိပ်ရပ်နားခွင့်ပြုသွားမှာမဟုတ်ပါဘူး'' ဟု၎င်းက ပြောသည်။

''အခုလို ညသိပ်ရပ်နားခွင့်မပြုဘူးဆိုတာ မော်တော် ကားဝယ်ရောင်းပြု လုပ်သူတွေအတွက် အများကြီး အခက်အခဲ ဖြစ်စေပါတယ်။ ဒီဝင်းထဲမှာ ကားသေးရော၊ ကားကြီးရော နှစ်မျိုးစလုံးဝယ်ရောင်းပြုလုပ်နေ တာပါ။ တစ်ပြိုင်နက်တည်း ကားတွေအဝင်/အထွက်လုပ်ရင် ယာဉ်ကြောပိတ်ဆို့မှုက ဒီထက်ပိုပြီး ဖြစ် ပွားနိုင် တယ်။ တချို့ကားတွေဆိုရင် နံပါတ် မပါရှိတဲ့ ကားတွေဖြစ်တဲ့အတွက် လမ်းပေါ်မှာ အမြဲတမ်း မောင်းနှင် လို့လည်း မရ ပါဘူး။ နောက်တစ်ခုက ဒီဝင်းကြီးကို ကားအရောင်းအဝယ်ပြုလုပ်လို့ မရဘဲ ပိတ်ပစ်လိုက်မှာ စိုးရိမ်တယ်။ ကျွန်တော်တို့ မော်တော်ကား ဝယ်ရောင်း ပြုလုပ်တဲ့ သူတွေအားလုံး ညသိပ်ခွင့်ရမှပဲ အဆင်ပြေမှာပါ။

ညသိပ်ခွင့်ရပ်နားလို့ရမယ်ဆိုရင် နိုင်ငံတော်ကို ပေးဆောင်ရမယ့် သင့်တော်တဲ့အခွန်နှုန်းထား ကို ပေးဆောင် သွားမှာပါ''ဟု မော်တော်ကားရောင်းဝယ်ရေး အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်း က ပြောသည်။ 

လက်ရှိလှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေးစခန်းဝင်း အတွင်း မော်တော်ကား အကြီးအသေး အစီးရေပေါင်း ၁၃၅ဝ ခန့်ရပ်နားနိုင်ပြီး ၎င်းမော်တော်ယာဉ်များ သည် နေ့စဉ်ဝင်ထွက်သွားလာပါက ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှု ပိုမိုဆိုး ရွားစွာဖြစ်ပေါ်လာနိုင်ပြီး နောက်ဆက်တွဲဖြစ်ပေါ် လာမည့် အခက်အခဲများအား အမြန်ဆုံးဖြေရှင်းပေးရန် လိုအပ်နေလျက်ရှိကြောင်း မော်တော်ကား ဝယ်ရောင်း ပြုလုပ်သူအများစုထံမှ သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment