Tuesday 12 May 2015

RCSS/SSA အဖွဲ့မှ ဒေသခံရွာသားများအား သစ်၊၀ါးများခုတ်ပါက ဆက်ကြေး ငွေပေးရန် ခြိမ်းခြောက်တောင်းခံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ ၀မ်ဆစ်ကျေးရွာအုပ်စု၊ ဟိုက်ကွေ့ကျေးရွာအုပ်စုနှင့် နောင်လုံ ကျေးရွာ အုပ်စုများမှ ဒေသခံရွာသားများအား မေ ၉ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ သစ်ဝါးများ ခုတ်ပါက ဆက်ကြေးငွေ ပေးရန် ခြိမ်းခြောက်ထားကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

အဆိုပါ ကျေးရွာအုပ်စုများအတွင်း နေထိုင်သောဒေသခံများအား RCSS/SSA အဖွဲ့မှ သစ်ဝါးများ ခုတ်လိုပါက ၎င်းတို့ အဖွဲ့အား ဆက်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ၀မ်ဆစ်ကျေးရွာအုပ်စုမှ ဒေသခံ တစ်ဦးက ပြောသည်။

“ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး ပြောလိုက်တယ်၊ ကျွန်တော့်တို့ကို သစ်နဲ့ဝါး ခုတ်ချင်တိုင်းမခုတ်ရဘူး၊ ခုတ်ချင်ရင် သူတို့ဆီကခွင့်ပြုချက် လာတောင်းရမယ်တဲ့လေ၊ တကယ်တော့ ခွင့်ပြုချက်ပေးတာမဟုတ်ဘူး၊ အကြောင်းပြပြီး ပိုက်ဆံ တောင်းတာပါ၊ ထင်းခုတ်လည်း မရဘူးပြောတယ်၊ ကျွန်တော့်တို့တွေလည်း အပင်ကြီးတွေဆိုရင် မခုတ်ပါဘူး၊ ထင်းစိုက် လို့ ရမယ့် အရွယ်လေးတွေပဲ ခုတ်တာပါ၊ ၀ါးကတော့ ကျွန်တော် တို့ ဒေသခံတွေအတွက် အမြဲလိုတယ်လေ၊ ဒီဝါးတွေ ကလည်း ဘိုးဘွားတွေက နောင်လာ နောင်သားတွေအတွက် စိုက်ခဲ့တာပါ၊ အဲ့ဒါကို သူတို့က သက်သက် လူပါးဝပြီး ပိုက်ဆံတောင်းတယ်” ဟု ဟိုက်ကွေ့ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့မှာ ကျေးရွာများတွင် လူသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ အစိုးရ ၀န်ထမ်း များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ယခုကဲ့သို့ အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးငွေများ တောင်းခံ ခြင်းနှင့် မပေးနိုင်သည့် ရွာသား များကိုလည်း ဖမ်းဆီးနှိပ်စက်ခြင်းများကို ဥပဒေမဲ့စွာပြုလုပ်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

“အဲ့ဒီအဖွဲ့က အင်အား ၂၀ လောက်ရှိတယ်၊ ၀မ်ဆစ်ကျေးရွာအုပ်စုမှာရှိတဲ့ နားခါးရွာကို ကျွန်တော်တို့ အုပ်ချုပ်ရေးမှူး အားလုံး နေ့လည်မှာခေါ်တွေ့တယ်၊ သစ်နဲ့ဝါးကို ဘာကိစ္စအတွက်ပဲခုတ်ခုတ် သူတို့ဆီက ခွင့်ပြုချက် ယူရမယ်၊ ခုတ်ရင်လည်း အရေအတွက် ပေါ်မူတည်ပြီး ပိုက်ဆံပေးရမယ်၊ အဲ့လိုမှ မဟုတ်လို့ တစ်ခုခုဖြစ်ရင် သူတို့တာဝန် မယူဘူးဆိုပြီး ခြိမ်းခြောက်တယ်၊ ရွာတွေမှာက ထင်းနဲ့ဝါးပဲ အဓိက အားကိုး နေရတာ၊ သူတို့အဖွဲ့တွေ ရွာတွေ ဆီက ပိုက်ဆံတောင်းပြီး ဘာမှလုပ်ပေးတာလဲမရှိဘူး၊ ခုလဲ ကျွန်တော် တို့တွေ ထင်းနဲ့ဝါးပဲ သုံးနေရတာသိလို့ သက်သက် အကြောင်းပြချက်ပေးတာ၊ သူတို့ဆီမှာ သေနတ်ရှိတယ် ဆိုပြီး လုပ်ချင်တိုင်းလုပ်နေကြတာ” ဟု ၎င်းမှ ဆက်လက် ပြောကြားသွားသည်။

စိုင်အောင်ခမ်း
Shan News 

No comments:

Post a Comment