Tuesday 12 May 2015

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲ ထုတ်ပြန်ချက် NLD သဘောထား မပါဝင်ဟု ထုတ်ပြန်

အစိုးရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်သော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲ ထုတ်ပြန်ချက်တွင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ သဘောထား မပါရှိကြောင်း အဆိုပါ ပါတီက ထုတ်ပြန်လိုက်သည်။ 

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ် အပြီး ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်ရန် တိုက်တွန်းထားသော ထုတ်ပြန်ချက်တွင် ဆွေးနွေးပွဲ တက်ရောက်သူ အားလုံး သဘောတူညီသည်ဟု ထည့်သွင်း ထုတ်ပြန်ထားသောကြောင့် NLD ပါတီ၏သဘောထားမပါရှိကြောင်း မေလ ၁၁ ရက်နေ့တွင် NLD ပါတီက ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ 

“ကျွန်တော် အဲဒီနေ့ကတည်းက ပြောခဲ့ပါတယ်။ ဆွေးနွေးပွဲရောက်မှ ထုတ်ပြန်ချက်တွေ ထုတ်မယ်ဆိုတာ သိရတာပါ။ အဲဒီအတွက် ကျွန်တော်တို့က အဖွဲ့အစည်း ကိုယ်စားပြုလာရတာ ဆိုပေမယ့် ဒီလိုထုတ်ပြန် တာကို သဘောတူလို့ မရပါဘူး။ အဖွဲ့ကို ပြန်တင်ပြရမှာပါလို့ ပြောခဲ့တာပါ။ အဲဒါကို နောက်နေ့ ထုတ်ပြန် ချက်ကို ဖတ်တော့ အားလုံး သဘောတူတယ်ဆိုပြီး ဖြစ်နေတယ်။ ဒါကို နားလည်မှု မလွဲအောင် ပြန်ရှင်း တာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲ မူလအစီအစဉ်တွင် ပါဝင်ခြင်း မရှိသော Coordination Team ဖွဲ့စည်းရန်နှင့် ကြေညာချက် ထုတ်ပြန်မှုများတွင် ဆွေးနွေးပွဲ တက်ရောက်သော NLD ကိုယ်စားလှယ်သည် လွှဲအပ်တာဝန် မပါရှိသဖြင့် ပါဝင်ခြင်း မရှိကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်အတွင်း ပါရှိသည်။

အဆိုပါ မေလ ၉ ရက်နေ့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် လက်နက်ကိုင်ခြောက်ဖွဲ့၊ တိုင်း ရင်းသားရေးရာ ဝန်ကြီးများ၊ နိုင်ငံရေးပါတီ ၆၀ ကျော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲ ထုတ်ပြန်ချက်တွင် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်စရန် ကြိုတင်ပြင်ဆင်ရေးအတွက် အဖွဲ့ အစည်းစုံ ပါဝင်သည့် “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့” (Coordination Team for Peace and National Reconciliation) ကိုလည်း ဖွဲ့စည်းရန် သဘောတူ ကြောင်း ဖော်ပြထားသည်။

The Voice Weekly 

No comments:

Post a Comment