Tuesday 12 May 2015

ယူကရိန်း အကျပ်အတည်း ဖြေရှင်းရန် နိုင်ငံရေး ဒိုင်ယာလော့ခ် တစ်ခုတည်းသာ ရှိဟု ရုရှားနှင့် ဂျာမနီ သုံးသပ်

ယူကရိန်းနိုင်ငံတွင် မပြီးပြတ်နိုင်ဘဲရှိသော စစ်မက်ပဋိပက္ခသည် နိုင်ငံရေး ဒိုင်ယာလော့ခ်နည်းလမ်း တစ်ခုတည်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဂျာမနီအဓိပတိ အင်ဂလာမာကဲလ်တို့က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။
“ယူကရိန်းအစိုးရနှင့် ဒွန်နီဆတ်နှင့် လူဂန်ဆတ်တို့အကြား တိုက်ရိုက်ဒိုင်ယာလော့ခ် ပြုလုပ်မှသာ ရေရှည်စိတ်ချရသော တည်ငြိမ်အေးချမ်းမှုတစ်ရပ် ထွက်ပေါ်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် ဂျာမနီ အဓိပတိနှင့်အတူ ပူးတွဲကျင်းပသည့် ဆွေးနွေးပွဲ၌ ဗလာဒီမာပူတင်က ပြောကြားသည်။

ဂျာမန်အဓိပတိ အင်ဂလာမာကဲလ်ကလည်း ယူကရိန်းနိုင်ငံ အချုပ်အခြာပိုင်နက် ပြန်လည်တည်တံ့ ခိုင်မြဲလာစေရေးအတွက် ဂျာမနီအနေနှင့် ရုရှားနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်ဟု ပြောကြားပြီး ဥရောပဒေသတွင်း လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဖွဲ့၏ စောင့်ကြည့်လေ့လာရေး မစ်ရှင်တစ်ရပ် အကောင်အထည်ဖော်မည့် အစီအစဉ်ကို ထောက်ခံကြောင်း ပြောဆိုသည်။
ယူကရိန်း ပဋိပက္ခအတွက် မင်ဆတ်မြို့တွင် ရရှိခဲ့သော သဘောတူညီချက် အကောင်အထည်ဖော်ရေးသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံများအားလုံးတွင် တာဝန်ရှိသည်ဟု ပူတင်က ဆိုသည်။
“မင်ဆတ် သဘောတူညီချက်အတိုင်း လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒါပေမဲ့ အခက်အခဲတွေတော့ အများကြီးရှိတယ်” ဟု ပူတင်က Interfax သတင်းဌာနသို့ ပြောကြားသည်။
ဂျာမန်အဓိပတိ အင်ဂလာမာကဲလ်က ယူကရိန်း အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် ဖြစ်နိုင်ခြေများဟူသည် အမြဲပင် ရှိနေကြောင်း ပြောဆိုသည်။
ယူကရိန်းနိုင်ငံတွင် လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲ၊ အကျပ်အတည်းများနှင့် ပတ်သက်၍ သမ္မတပူတင်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စီးပွားရေး ပြန်လည်ထူထောင်ရေး နှစ်ရပ်ကို အစိုးရအနေနဲ့ အပူတပြင်း လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ပြောကြားသည်။
ဂျာမန်အဓိပတိ အင်ဂလာမာကဲလ်ကမူ ယူကရိန်းအရှေ့ပိုင်း ဒွန်နီဆတ်ဒေသတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေသော်လည်း တိုးတက်ကောင်းမွန်လာအောင် သက်ဆိုင်သူနိုင်ငံများ အားလုံးက လုပ်ဆောင်ရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ရုရှားနှင့် ဂျာမနီနှစ်နိုင်ငံသည် ယူကရိန်းစစ်မက် ပဋိပက္ခ စတင်ချိန်မှစ၍ ဆက်ဆံရေး မပြေမလည်ဖြစ်သည့် ပုံစံထဲသို့ ရောက်ရှိခဲ့သည်။
သို့သော် ယခုရုရှားခရီးစဉ်တွင် အင်ဂလာမာကဲလ်က ရုရှားနှင့် ဂျာမနီ နှစ်နိုင်ငံသည် ခက်ခဲသော အခြေအနေများ ကြုံတွေ့ရသည့်အခါ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုသည်။
The Voice

No comments:

Post a Comment