Tuesday 12 May 2015

လူ့အခွင့်အရေး ဥပဒေများနှင့်အညီ ဖြစ်စေရေး ယခုထက် ပိုမိုလုပ်ဆောင်ရန်လိုဟု အမေရိက ဝန်ခံ

မကြာသေးမီက တိုင်းပြည်အတွင်း၌ ရဲများကြောင့် လက်နက်မဲ့ လူမည်းအမျိုးသားများ သေဆုံးမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ၎င်းတို့အနေနှင့် လူ့အခွင့်အရေး ဥပဒေများကို ထိန်းသိမ်းရန် ယခုထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်ဟု တနင်္လာနေ့က ဝန်ခံပြောကြားလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု၏ ကိုယ်စားလှယ်တစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မစတင်မီတွင် ပြောကြားရာ၌ ၎င်းတို့နိုင်ငံသည် ကုန်လွန်ခဲ့သော ရာစုနှစ်ဝက် အတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ရှေးဦးစွာ ပြောကြားခဲ့သည်။
သို့သော် မကြာသေးမီက ထွက်ပေါ်ခဲ့သည့် ရဲတပ်ဖွဲ့က အာဖရိကန်-အမေရိကန် အမျိုးသားများကို နှိပ်စက်ညှင်းပန်းခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သတ်၍မူ အမေရိကန်တရားရေး၏ လူ့အခွင့်အရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ ဂျိမ်းစ်ကာဒိုဂန်က အမေရိကန်ပြည်ထောင်စု အနေနှင့် တိုင်းပြည်၏ လူ့အခွင့်အရေး ဥပဒေများသည် မူလပေးအပ်ထားသည့် ကတိများအတိုင်း လျော်ညီလျက်ရှိအောင် ပြန်လည်အာရုံစူးစိုက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

“ဘာလ်တီမိုးမြို့မှာ ဖရက်ဒီဂရေး သေဆုံးမှု၊ မစ်ဇူရီမှာ မိုက်ကယ်လ်ဘရောင်း သေဆုံးမှု၊ နယူးယောက်မှာ အဲရစ်ဂါနာ သေဆုံးမှု၊ အိုဟိုင်းယိုးမှာ တာမာရိုက်စ် သေဆုံးမှုနဲ့ တောင်ကာရို လိုင်းနားမှာ ဝေါ်လ်တာစကော့ သေဆုံးမှုတို့လို့ ကြေကွဲစရာ ဖြစ်ရပ်တွေဟာ ကျွန်တော်တို့ကို ပိုပြီးကောင်းကောင်းမွန်မွန် လုပ်ကိုင်ဖို့၊ ပိုပြီးကြိုးကြိုးစားစား လုပ်ကိုင်ဖို့ စိန်ခေါ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် လက်ရှိအချိန်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်း လေးနှစ်တစ်ကြိမ် ဆန်းစစ်၊ သုံးသပ်ခံရသည့် Universal Periodic Review ဟု ခေါ်သော လူ့အခွင့်အရေး အခြေအနေ သုံးသပ်မှုအရ ၎င်း၏ လူ့အခွင့်အရေး မှတ်တမ်းများကို သုံးသပ်ခံနေရသည့် ကာလဖြစ်သည်။
လူ့အခွင့်အရေးကောင်စီဆိုင်ရာ အမေရိကန်သံအမတ် ကိသ်ဟာပါ ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ဂျနီဗာမြို့တွင် ပြုလုပ်လျက်ရှိသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် အာဖရိကန်-အမေရိကန်များနှင့် အခြားလူမျိုးစုအပေါ် ရဲတပ်ဖွဲ့က ကျင့်သုံးသော နည်းစနစ်များ၊ ကြမ်းကြုတ်ရက်စက်မှုများနှင့် ပတ်သတ်ပြီး အခြားသံတမန်များ၏ မေးခွန်းထုတ်မှုများဖြင့် ရင်ဆိုင်ရလျက်ရှိသည်။
ပြီးခဲ့သောလအတွင်းက ဖရက်ဒီဂရေးဟု အမည်ရသည့် အသက် ၂၅ နှစ်အရွယ် လူမည်းလူငယ်တစ်ဦး ဘာလ်တီမိုး ရဲအချုပ်တွင်း သေဆုံးခဲ့ပြီးနောက်တွင် အမေရိကန် တရားရေးဌာနက ဘာလ်တီမိုးမြို့ရှိ ရဲများသည် စနစ်တကျ ခွဲခြားဆက်ဆံနေခြင်း ရှိ၊မရှိ ဖော်ထုတ်ရန် ပြည်ထောင်စုအဆင့် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးတစ်ရပ်ကို သောကြာနေ့က စတင်ဆောင်ရွက်ခဲ့သည်။
လက်ရှိအချိန်တွင် ဖရက်ဒီဂရေး သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲအရာရှိခြောက်ဦးကို တရားစွဲဆိုထားကာ ၎င်းတို့အနက်မှ တစ်ဦးမှာ ဒုတိယဒီဂရီ လူသတ်မှုဖြင့် စွဲဆိုခံထားရသည်။
ညှဉ်းပန်းနှိပ်စက်သည့် ရဲအရာရှိများကို တရားဥပဒေနှင့်အညီ အရေးယူသွားရန် အမေရိကန်အစိုးရက စိတ်ဆုံးဖြတ်ထားသည် ဟုလည်း မစ္စတာကာဒိုဂန်က ပြောကြားသည်။
The Voice

No comments:

Post a Comment