Tuesday 12 May 2015

အလှပြင်ဆိုင်အမည်ခံ အနှိပ်ခန်း မန်နေဂျာနှင့် အမျိုးသမီး အနှိပ်ဝန်ထမ်း များကို ထောင်ဒဏ်ချမှတ်

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် တရားမဝင် အနှိပ်ခန်းများမှ မန်နေဂျာနှင့် အနှိပ်ဝန်ထမ်း အမျိုးသမီးများကို ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက မေ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

စမ်းချောင်းမြို့နယ်၊ ပဒုမ္မာလမ်းအတွင်းရှိ အလှပြင်ဆိုင်အမည်ခံ အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေသည့် ဆိုင်များကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဧပြီ ၂၅၊ ၂၆ နှင့် မေ ၁ ရက်တို့တွင် စစ်ဆေးရှာဖွေ ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးရာ အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေသည့် ဆိုင်လေးဆိုင်မှ မန်နေဂျာ လေးဦး၊ အနှိပ်ဝန်ထမ်း အမျိုးသမီး ၂၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး မန်နေဂျာ လေးဦးတို့ကို ထောင်တစ်လစီ၊ အမျိုးသမီး အနှိပ် ဝန် ထမ်း ၂၉ ဦးတို့ကို ထောင်ဒဏ် ၇ ရက်စီ ကျခံစေရန် စမ်းချောင်းမြို့နယ် တရားရုံးက အမိန့်ချမှတ် လိုက် သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါဆိုင်ခန်းများ ဖွင့်လှစ်သည့် အခန်းနေရာများကိုလည်း တစ်နှစ် ချိတ်ပိတ် အရေးယူသွားမည့် အပြင်၊ အလှပြင်ဆိုင်အမည်ခံ အနှိပ်ခန်းများကိုလည်း ဆက်လက်ဖမ်းဆီး အရေးယူသွားမည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment