Tuesday 12 May 2015

လူနာများ၏ ဆေးကုသစရိတ် ထက်ဝက်နီးပါးခန့် လျှော့ချခြင်းကြောင့် အစိုးရဆေးရုံများကို ပြည်သူများ ပိုမိုအားထားလာ

ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး၊ အထူးကုပြင်ပ လူနာဌာနသို့ လာရောက်ကြသူများအား မေ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အစိုးရသစ်လက်ထက် ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်ခဲ့ပြီး လူနာများ ဆေး ကုသမှု အတွက် ငွေကြေးကုန်ကျမှု ထက်ဝက်နီးပါးခန့် လျှော့ချပေးခဲ့ခြင်းကြောင့် ပြည်သူ့ဆေးရုံများတွင် ဆေးကုသရသည့် လူနာဦးရေ သိသိသာသာ မြင့်တက်လာကြောင်း ပြည်သူ့ဆေးရုံကြီးများမှ သိရသည်။

အစိုးရသစ် လက်ထက်မတိုင်မီ ပညာရေး၊ ကျန်းမာရေး အပါအ၀င် လူမှုရေးကဏ္ဍအတွက် အစိုးရ အသုံးစရိတ်မှာ စုစုပေါင်း နိုင်ငံ့သုံးစွဲငွေ၏ ၈ ဒသမ ၈ ရာခိုင်နှုန်းခန့်သာရှိပြီး ယင်းကဏ္ဍများအတွက် လူတစ်ဦး တစ်နှစ်အသုံးစရိတ်မှာ ကျပ် ၉၀၀၀ အောက်သာရှိခဲ့သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှရရှိခဲ့သော စာရင်းများအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ၎င်း၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ရပ်အဖြစ် လက်ရှိ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍအပေါ် ဘဏ္ဍာငွေသုံးစွဲမှုကို ၇၈ ရာခိုင်နှုန်းနှင့် ရာခိုင်နှုန်း ၃၀ အသီးသီးတိုးမြှင့်ခဲ့ပြီး အဆိုပါကဏ္ဍများ အပေါ် အသုံးစရိတ်များ တိုးမြှင့်မှုမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း၏ နှစ်ရာခိုင်နှုန်း အောက်သာရှိသေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ကုလသမဂ္ဂအစီရင်ခံစာအရ နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံသည် တစ်နေ့လျှင် ကျပ် ၁၁၀၀ အောက်နှင့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ၈၅ ရာခိုင်နှုန်းသည် ကျပ် ၂၂၅၀ အောက်သာ ၀င်ငွေရရှိသည်ဟု ခန့်မှန်း ထားပြီး မြန်မာနိုင်ငံရှိ ပြည်သူများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး စသည့် နိုင်ငံ၏ လူ့အရင်း အမြစ်နှင့် မိသားစုဝင်ငွေကို တိုးတက်စေသော ၀န်ဆောင်မှုများအားလုံးကို အကန့်အသတ် ဖြင့်သာ ရရှိခဲ့သည်။

နောက်ပိုင်းနှစ်များတွင် အစိုးရမှ ကဏ္ဍအသီးသီးကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး ကျန်းမာရေး ကဏ္ဍ ကိုလည်း ဘတ်ဂျက်များ တိုးမြှင့်ချထားပေးခဲ့သည်။ အစိုးရသစ်လက် ထက်ကျန်းမာရေး ၀န်ကြီးဌာနမှ နှစ်အလိုက် ရရှိသည့် ခွင့်ပြုရန်ပုံငွေမှာ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၉၂၀၀၈ ဒသမ ၇၈၆၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၄၀၀၇၁၉ ဒသမ ၆၃၊ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် ကျပ် သန်း ပေါင်း ၅၂၈၅၇၃ ဒသမ ၈၅၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၆၅၂၇၄၄ ဒသမ ၅၈၉ နှင့် ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ကျပ်သန်းပေါင်း ခုနစ်သိန်းခွဲအထိ တိုးမြှင့်ထားကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ကျန်းမာရေးကဏ္ဍတွင် နှစ်အလိုက်တိုးမြှင့် ရရှိလာသည့် ဘဏ္ဍာငွေများအရ ပြည်သူ့ဆေးရုံများ အပါအ၀င် ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများအထိ ၀န်ထမ်းအင်အား တိုးချဲ့ခြင်း၊ အဆောက်အအုံပိုင်း အဆင့် မြှင့် ပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်း၊ ဆေးဝါးလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ လူ့စွမ်းအား အရင်းအမြစ် တိုးချဲ့မွေးထုတ်ခြင်းနှင့် ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်လာစေရန် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း အပါအ၀င် မြန်မာနိုင်ငံတွင် မရှိခဲ့သည့် ကျန်းမာရေး အာမခံစနစ် ကိုလည်း အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသည်။

လူနာများအပေါ် ဆေးဝါးကုသမှုအပိုင်းတွင် ပြည်သူ့ဆေးရုံကြီးများ၌ လူနာများမှ ဆေးဝါးကုသမှုအတွက် ငွေကြေး စိုက်ထုတ် ကုန်ကျမှု ထက်ဝက်လျှော့ချရန် လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အကြီးဆုံး ဆေးရုံကြီး တွင် တစ်ခုအပါအ၀င်ဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၄ ခုနှစ်၊ သြဂုတ် ၁ ရက်မှစ၍ သွေး သွင်း ကုသရန် လိုအပ်သော အတွင်းလူနာများအား အခကြေးငွေပေးရန် မလိုဘဲ အခမဲ့ သွေးသွင်း ကုသ ပေးခြင်း၊ အရေးပေါ်၊အထူးကုပြင်ပ လူနာဌာနသို့ လာရောက်ပြသသောလူနာများနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူသော လူနာများအတွက် ဆေးမှတ်တမ်းစာအုပ်များကို အခမဲ့ လုပ်ဆောင်ပေးခြင်း၊ စက်တင် ဘာ ၁ ရက်မှစ၍ အရေးပေါ်လူနာများအတွက် အခြေခံဓာတ်ခွဲ စမ်းသပ်မှုများ၊ Digital X-ray ရိုက်ခြင်းများ၊ Ultrasound ရိုက်ကူးမှုများကို အခမဲ့ ဆောင်ရွက်ပေးခြင်း၊ အတွင်းလူနာများအတွက် ဓာတ်ခွဲစမ်းသပ်မှု ၄၈ မျိုးအထိ အခမဲ့စမ်းသပ် စစ်ဆေးပေးခြင်းနှင့် အတွင်းလူနာများနှင့် အရေးပေါ် လူနာများအတွက် အခြေခံ ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကိုလည်း ဆက်လက်လုပ်ဆောင် ပေးသွားရန် ရှိကြောင်းလည်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။

“ပြီးခဲ့တဲ့နှစ် လေးလပိုင်းလောက်က အဖေနေမကောင်းလို့ ရန်ကုန်ဆေးရုံကြီး အဆောင် (၁၁၊ ၁၂) မှာ ဆေးကုခဲ့ရတယ်။ ဆေးကုသတဲ့ ကာလတစ်လျှောက်လုံး ဆေးသွင်းတာတွေ၊ ထိုးဆေးတွေအတွက် ဆေး တွေ အားလုံးနီးပါး ဆေးရုံကြီးကပဲ အခမဲ့ ပေးခဲ့တယ်။ လိုအပ်တဲ့ စားဆေးတွေကိုတော့ ဆေးရုံကြီးမှာရှိတဲ့ ဆေးဆိုင်တွေမှာ ၀ယ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အစိုးရဆေးရုံတွေက ချို့တဲ့တဲ့သူတွေ အတွက်တော့ အားကိုးအားထား ပြုရာပါပဲ” ဟု မကွေးတိုင်းဒေသကြီးမှ ကိုဖိုးတုတ်က ပြောကြားသည်။

ထို့ပြင် ဆေးသွင်းကုသရမည့် ကင်ဆာလူနာများအတွက် ဆေးဝါးကိုးမျိုးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ပေးနိုင်ရန် စီစဉ်ထားပြီး အထူးဆေးယူရမည့် လူနာများ၊ မတတ်နိုင်သည့် လူနာများအတွက် အခြား ဆေးဝါးများ အခမဲ့ရရန် ဆေးရုံကြီး၏ အစီအစဉ်ဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဆေးကုသမှုဌာနသို့ လာရောက်သောလူနာများ၏ စိုက်ထုတ် ကုန် ကျငွေ ကျဆင်းရေးအတွက် အခြေခံဆေးဝါးများ၊ အခြေခံဓာတ်ခွဲစမ်းသပ်မှု ခုနစ်မျိုးနှင့် ဓာတ်မှန်၊ တယ်လီဗွီးရှင်းဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် ရိုက်ကူးခြင်းများကို အခမဲ့လုပ်ဆောင် ပေးနေသော်လည်း အချို့ဆေးဝါးများနှင့် အထူးစမ်းသပ်မှုများအတွက် လူနာများမှ ကျခံသုံးစွဲရမည် ဖြစ်ကြောင်းနှင့် အရေး ပေါ်နှင့် အတွင်းလူနာများအတွက်သာ အခမဲ့ အစီအစဉ်များလုပ်ဆောင် ပေးနိုင်သေးကြောင်း ဆေးရုံကြီးမှ သိရသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် လာရောက်ကုသသည့် လူနာဦးရေ နှစ်အလိုက် မြင့်တက်လာပြီး ၂၀၀၈ ခုနှစ်က ဆေးကုသ ဆောင်များအားလုံးတွင် ရရှိခဲ့သည့်စာရင်းများအရ လူနာဦးရေ နှစ်သိန်းဝန်းကျင် ရှိခဲ့ရာမှ ၂၀၁၃ခုနှစ်တွင် နှစ်သိန်းခွဲအထိ မြင့်တက် လာခဲ့ပြီး လူနာသစ်ကုသမှုနှုန်းမှာ ၂၀၀၈ ခုနှစ်တွင် ၆၂၀၀၀ ခန့်ရှိ ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် ၉၀၀၀၀ နီးပါးအထိ သိသိသာသာမြင့်တက် လာကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

အစိုးရအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး အဆင့်မြှင့်တင်ရာတွင် ရောဂါရှာဖွေရေး ဆိုင်ရာစက်ပစ္စည်းနှင့် ကုသရေးဆိုင်ရာစက် ပစ္စည်းများ တိုးချဲ့ထောက်ပံ့ပေးခဲ့ပြီး ကင်ဆာရောဂါရှာဖွေရေးစက် (Pet-CT) နှင့် ဓာတ်ရောင်ခြည် ကုသရေးစက်ဖြစ်သည့် (Linear Accelerator) တို့ကိုလည်း ထောက်ပံ့ပေးထားကြောင်းနှင့် နှလုံးသွေးကြောကျဉ်း ရောဂါကို ကုသပေးနိုင်သည့် Cath-Lab ကဲ့သို့ စက်များနှင့်လည်း နှလုံးသွေးကြောကျဉ်း လူနာများကို ကုသပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ခံ ကုသရသည့် လူနာအင်အား နှစ်စဉ်မြင့်တက်လာမှုကြောင့် ကျန်းမာ ရေး ၀န်ထမ်းများ အပါအ၀င် အခြားဆေးရုံကြီး၏ ဖွဲ့စည်းပုံလူအင်အားကို လက်ရှိဖွဲ့စည်းပုံထက် နှစ်ဆ တိုးမြှင့်ရန် နေပြည်တော်သို့ တင်ပြထားကြောင်း၊ ဆေးရုံကြီး၏ ဖွဲ့စည်းပုံအင်အားမှာ လွန်ခဲ့သော၂၀၀၈ ခုနှစ်ကတည်းက ရှိခဲ့သည့် ဖွဲ့စည်းပုံအတိုင်းသာ ရှိသေးကြောင်းနှင့် ဆေးရုံကြီးမှာ တိုးတက်လာသည့် လူနာဦးရေ၊ တိုးချဲ့ထားသည့် ကုသရေးဌာနများနှင့် လိုက်လျောညီထွေသည့် ဖွဲ့စည်းပုံမရှိခြင်းကြောင့် ယင်းကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးဝါးများ ၀ယ်ယူရန် ကျပ်ငွေ စုစုပေါင်း ၇၇ ဘီလျံကျော် (ကျပ်သန်းပေါင်း ၇၇၆၆၅ ဒသမ ၀၀၀) သတ်မှတ်ခဲ့ပြီး ပထမ ခြောက်လအတွင်း ပထမအရစ်ခွဲဝေလျာထားငွေ ကျပ် ၃၉ ဘီလျံနီးပါး (ကျပ်သန်းပေါင်း ၃၈၈၃၂ ဒသမ ၅၀၀) ကို ခွဲဝေပေးခဲ့သည်။

“ကျွန်တော် ပင်းတယဆေးရုံမှာ ၂၀၁၁ ခုနှစ်ကစပြီး တာဝန်ကျတော့ အဲဒီအချိန်က ဆေးရုံမှာ အထောက် အပံ့လည်း ကောင်းကောင်းမပေးနိုင်သေးဘူး။ ဆေးရုံမှာ တစ်နှစ်လုံးနေမှ အတွင်းလူနာ ၁၀၀၀ ကျော် လောက်ပဲရှိတယ်။ နောက်ပိုင်း ၂၀၁၄ လောက်ကျတော့ အတွင်းလူနာ ၄၂၀၀ ထိ လေးဆလောက်ထိ တက်လာတယ်။ ပြင်ပလူနာဆိုလည်း အရင်ကဆို ၇၀၀၀၊ ၈၀၀၀ လောက်ကနေ အခုဆို ၃၀၀၀၀ နီးပါး လောက် တိုးလာတယ်။ ဆေးရုံ မှာအခမဲ့ပေးတဲ့ ဆေးကလည်း အများကြီး တိုးရလာတော့ ဒီဆေးတွေကို ဆေးရုံမှာပဲပေးပြီး ထိုင်ကုတာမျိုး မဟုတ်တော့ဘဲ ကွင်းဆင်းကုသတဲ့ ဒေသတွေအထိ အများကြီးသုံးလို့ ရလာတယ်။ နယ်ဘက်တွေမှာ သုံးနှစ်ခွဲအတွင်း လူနာ ၂၀၀၀၀ ကျော်ကို အခမဲ့ကုပေးနိုင်ခဲ့တယ်။ ဒါကလည်း အလှူရှင်တွေ လှူဒါန်းတာတွေကြောင့် ဖြစ်သလို အစိုးရကပေးတဲ့ အခမဲ့ဆေးတွေက အထောက်အကူ ဖြစ်စေတယ်။ ခွဲစိတ်ကုသမှုတွေလည်း အများကြီး လုပ်ပေးလာနိုင်တော့ လူနာတွေ အရမ်းများလာပါတယ်” ဟု ပင်းတယ ပြည်သူ့ဆေးရုံမှ တာဝန်ခံ ဒေါက်တာသန်းမင်းထွဋ်က ပြောပြသည်။

ယခုနှစ်နှစ်ဆန်းပိုင်းက ကျန်းမာရေး ၀န်ကြီးဌာနအောက်ရှိ ကျန်းမာရေးဦးစီးဌာနကို ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအဖြစ် ဦးစီးဌာနနှစ်ခု ခွဲခဲ့ကြောင်း၊ အသစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ကျန်း မာရေးဦးစီးဌာန အနေဖြင့် ၀န်ကြီးဌာနတစ်ခုလုံး သုံးစွဲငွေ၏ ၂၅ ရာခိုင်နှုန်းကိုလည်းကောင်း၊ ကုသရေး ဦးစီးဌာနအနေဖြင့် ၆၆ ရာခိုင်နှုန်း ကျော်ကိုလည်းကောင်း သုံးစွဲခွင့်ရရှိခဲ့ကြောင်းနှင့် ဘတ်ဂျက်ခွဲဝေမှုအရ ကုသရေးဦးစီးဌာနကို ဦးစားပေးခွဲဝေ ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group 

No comments:

Post a Comment