Tuesday 12 May 2015

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ တပ်ချုပ်၏ ပြည်ပခရီးစဉ် အပြီးတွင် ပြုလုပ်မည်

နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံရေးခေါင်းဆောင် ခြောက်ဦး ပါဝင်သော ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကို တပ်မတော် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံခြား ခရီးစဉ်ပြီးမှသာ ကျင်းပနိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

“တပ်ချုပ်ကြီးက ပြည်ပခရီးစဉ် သွားနေတယ်။ ဘယ်အချိန် ပြန်လာမယ်တော့ မသိသေးဘူး။ သူပြန်ရောက် မှ ပဲ လုပ်ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပါကစ္စတန် အစ္စလာမစ် သမ္မတနိုင်ငံ ပါကစ္စတန် တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ General Rashad Mahmood နှင့် ဆားဗီးယားသမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Bratislav Gasic တို့နှင့် တွေ့ဆုံရန် မေလ ၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို မေလအတွင်း ထပ်မံပြုလုပ်မည်ဟု အစိုးရက ထုတ်ပြန် ထားသော်လည်း အချိန်အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပထမအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲကို ဧပြီလ ၁၀ ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ငုရွှေဝါ ခန်းမတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး၊ သန့်ရှင်းမျှတသော ၂၀၁၅ ရွေးကောက်ပွဲ ဖြစ် မြောက်ရေး၊ ရွေးကောက်ပွဲမတိုင်မီ ကာလနှင့် ရွေးကောက်ပွဲလွန် ကာလများတွင် နိုင်ငံတော်တည်ငြိမ်ရေး အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း အစိုးရက သတင်းထုတ်ပြန် ထား သည်။

The Voice Weekly 

No comments:

Post a Comment