Tuesday 12 May 2015

အထွေထွေရွေးကောက်ပွဲ လုံခြုံရေးအတွက် ကြက်ခြေနီများ အသုံးပြုခြင်းကို လက်မခံဟုဆို

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ အရန်လုံခြုံရေးအတွက် ကြက်ခြေနီများကို ခေါ်ယူအသုံးပြု မည် ဆိုပါက လက်ခံမည် မဟုတ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက The Voice သို့ ပြောကြားသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရွေးကောက်ပွဲကာလအတွင်း မဲရုံများတွင် လုံခြုံရေး ရဲတပ်သား အင်အား မလောက်သည့်အတွက် ကြက်ခြေနီတပ်ဖွဲ့ဝင်များကို အရန်အင်အားအဖြစ် ခေါ်ယူအသုံးပြုမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပြောထားပါတယ်။ နိုင်ငံရေး မည်သည့် လုပ်ဆောင်ချက်ကိုမဆို ကြက်ခြေနီတွေကို အသုံးပြု ခြင်း မလုပ်ဖို့ သက်ဆိုင်ရာ ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေကို ပြောထားပြီးသား။ သူတို့လည်း လက်ခံပြီး သား ပါ။ မဲရုံလုံခြုံရေးအတွက် သုံးဖို့ပြောလာမယ် ဆိုလည်း လက်မခံပါဘူး” ဟု ၎င်းက ဆိုသည်။

ကြက်ခြေနီသည် လူမှုကူညီရေး အသင်းအဖွဲ့ ဖြစ်သောကြောင့် နိုင်ငံရေး ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက် မည် ဆိုပါက အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ပြီး ကြက်ခြေနီအသင်း၏ အခြေခံ စည်းမျဉ်းများနှင့် လည်း မညီညွတ်သောကြောင့် မဲရေတွက်မှုများနှင့် မဲရုံစောင့်ခြင်း လုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက် မည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ယင်းသို့ မဲရုံလုံခြုံရေး ဆောင်ရွက်ရာတွင် ပါဝင်မည် မဟုတ်သော်လည်း မဲရုံသို့ လာရောက်မဲပေးမည့် မဲဆန္ဒ ရှင်များ ကျန်းမာရေး အရေးပေါ်ကုသနိုင်ရေး အတွက်မှု ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကာ ကြက်ခြေနီအသင်းသားများ၏ မဲပေးမှုကိုလည်း စွက်ဖက်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ 

ယင်းသို့ ရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက် ကြက်ခြေနီများကို အရန်အင်အားအဖြစ် ခေါ်ယူအသုံးပြုမည့် ကိစ္စရပ်များကို မသိရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။ 

“ကျွန်တော်တို့ ဒီလုံခြုံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မသိသေးပါဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးပါ ဦး မယ်” ဟု ၎င်းကဆိုသည်။ 

သို့သော်လည်း ရွေးကောက်ပွဲကာလ အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများမှ မဲရုံများ တွင် လုံခြုံရေးအင်အား မလုံလောက်သောကြောင့် မြို့နယ်တစ်မြို့နယ်လျှင် အရန်မီးသတ် ၃၅ ဦးကို ယာယီရဲတပ်သား ခန့်အပ်တာဝန်ပေးမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက အကြောင်းကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကြက်ခြေနီအင်အား နှစ်သိန်းကျော်နှင့် အရန်ကြက်ခြေနီအင်အား သုံးသောင်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှသိရသည်။

The Voice Weekly 

No comments:

Post a Comment