Tuesday 12 May 2015

ဖားသားလင်းန် ကုမ္ပဏီပိုင်ရှင်ကို ဗဟန်းတရားရုံးတွင် လိမ်လည်မှု လေးမှုဖြင့် ထပ်မံ တရားစွဲဆို

လိမ်လည်မှုများဖြင့် အမှု ရင်ဆိုင်နေရသော Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လိမ်လည်မှု လေးမှုဖြင့် မေ ၁၁ ရက်က ဗဟန်းမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ထားသည်ဟု အဆိုပါ တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက်တွင် နေထိုင်သည့် အငြိမ်းစားဗိုလ်မှူးတစ်ဦး အပါအ၀င် သုံးဦး၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် ဗိုလ်ကြီး တစ်ဦး၊ စုစုပေါင်းလေးဦးတို့က ဗဟန်းမြို့နယ်အတွင်းရှိ မြေကိစ္စ အတွက် ဦးကျော်မြင့်ကို လိမ်လည်မှုဖြင့် အရေးယူပေးပါရန် ဗဟန်းမြို့မရဲစခန်းတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက တရားလိုပြုတိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုများထဲတွင် Father Land ဆောက်လုပ်ရေးကုမ္ပဏီဈေးကွက် ဒါရိုက်တာဦးဘိုဘိုဦးနှင့် ဦးကျော်မြင့် ၏ဇနီး ဒေါ်သူဇာကိုလည်း တရားစွဲဆို ထားခြင်းများရှိနေပြီး ဗဟန်းမြို့နယ်တရားရုံးတွင် သက်ဆိုင်ရာ ပြစ်မှုကြီး အမှတ်များဖြင့် လက်ခံစစ်ဆေးသွားမည် ဖြစ်သည်။

ဗဟန်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက " ဒီနေ့ Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လိမ်လည်မှု လေးမှုနဲ့ တရားစွဲဆိုတင်ပို့လာပါတယ်။ လာမယ့်မေ ၂၅ ရက်မှာ စတင်စစ်ဆေးဖို့ ရုံးချိန်း ချိန်း ဆို ထား ပါတယ်" ဟု ပြောသည်။

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်သည် လိမ်လည်မှုများဖြင့် လသာမြို့နယ် တရားရုံး၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတို့တွင်လည်း အသီးသီး အမှုရင်ဆိုင်နေရလျက်ရှိပြီး ၎င်းကို တရားစွဲဆို မည့်သူအချို့လည်း ရှိနေသေးသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းနှင့် နီးစပ်သူအချို့က ဆို သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment