Tuesday 12 May 2015

ဆော်ဒီအာရေဗျ ဦးဆောင်သော မဟာမိတ်တို့ ယီမင်တွင် လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်ဟု အီရန်စွပ်စွဲ

ယီမင်နိုင်ငံရှိ ဟော်တီသူပုန် ပစ်မှတ်များကို ဆော်ဒီအာရေဗျ ဦးဆောင်သော အာရပ်မဟာမိတ် အုပ်စု၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု တစ်ရပ်ပင် ဖြစ်သည်ဟု အီရန်နိုင်ငံက ပြစ်တင် ရှုတ်ချ လိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

ဆော်ဒီအာရေဗျ ဦးဆောင်သည့် ယင်းကဲ့သို့သော ထိုးစစ်ဆင်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှုတစ်ရပ် ဖြစ်ပြီး နိုင်ငံတကာ သဘောတူညီချက်များနှင့် ဆန့်ကျင်နေသည်ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာဇက်အက်ဖ်ဂန်က ပြောကြားသည်။

ယီမင်နိုင်ငံအပေါ် ဆော်ဒီအာရေဗျတို့ ရက်ပေါင်း ၄၀ ကျော်ကြာ တိုက်ခိုက်ခဲ့သည့် ထိုးစစ်ဆင်မှုများတွင် သေကျေ ပျက်စီးမှုနှုန်း များပြားစေရန် အလို့ငှာ သမားရိုးကျ မဟုတ်သော လက်နက်ဆန်းများကို အသုံးပြု ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

အီရန်နိုင်ငံ အနေနှင့် ယီမင်ရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားသော အကူ အညီများပေးအပ်နိုင်ရန် နိုင်ငံတကာအေဂျင်စီများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်ဟုလည်းဆိုသည်။

ယီမင်ရှိ ဟော်တီရှီးယိုက် လက်နက်ကိုင်များသည် အီရန်နိုင်ငံ၏ ကျောထောက်နောက်ခံပေးမှုကို ရယူ ထားခြင်း ဖြစ်ရာ ယခုကဲ့သို့ အာရပ်မဟာမိတ်တို့၏ ထိုးစစ်ဆင်မှုကြောင့် အီရန်နှင့် ဆော်ဒီအာရေဗျ အုပ်စု တို့အကြား သွယ်ဝိုက်သောနည်းဖြင့် စစ်ဖြစ်နေသကဲ့သို့ ရှိသည်ဟု လေ့လာစောင့်ကြည့်သူတို့က ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က ယီမင်အပေါ် ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းမည်ဟု ဆော်ဒီအာရေဗျက ကြေညာခဲ့သော်လည်း ဟော်တီလက်နက်ကိုင်များက ဆော်ဒီအာရေဗျ နယ်စပ်မြို့ကို ဒုံးကျည်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ အာရပ်မဟာမိတ်တို့ဘက်က ထိုးစစ်ဆင်မှုများ ပြန်လည်စတင်ခဲ့သည်။

ယင်းထိုးစစ်များသည် ဟော်တီလက်နက်ကိုင်များကို အဓိက ပစ်မှတ်ထားခြင်း ဖြစ်ပြီး အရပ်ဘက် အဆောက်အအုံများ ထိခိုက်မှု မရှိအောင် လုပ်ဆောင်လျက် ရှိသည်ဟု ဆိုသော်လည်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများနှင့် မျက်မြင်သက်သေများ အဆိုအရ အပြစ်မဲ့ ယီမင်အရပ်သားများစွာ ထိခိုက် သေဆုံးခဲ့ရသည်။

ဆော်ဒီနှင့် မဟာမိတ် စစ်လေယာဉ်များ၏ နောက်ဆုံးအကြိမ် ထိုးစစ်ဆင်မှုတွင် အရပ်သား ၄၃ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိသွားသည်ဟု ဟော်ဒီလက်နက်ကိုင် သတင်းရင်းမြစ်များက Aljazeera သတင်းဌာနသို့ ပြောကြားသည်။

လတ်တလော အနေအထားတွင် ဆော်ဒီဦးဆောင်သော မဟာမိတ်တို့နှင့် ဟော်တီလက်နက်ကိုင်များ အကြား တိုက်ပွဲများသည် ယီမင်နှင့် ဆော်ဒီ နယ်စပ်ဒေသတွင် ဖြစ်ကြောင်း စစ်ဘက် အသိုင်းအဝိုင်းက ဆိုသည်။

The Voice Weekly 

No comments:

Post a Comment