Tuesday 12 May 2015

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုအပြီး တောင်ကိုရီးယား အစိုးရ လုံခြုံရေး အစည်းအဝေး ခေါ်ယူ

မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု လုပ်ဆောင်ခဲ့အပြီး တောင် ကိုရီးယား သမ္မတ ပက်ခ်ဂွမ်ဟီးက သူမ၏ အစိုးရကို ဆင့်ခေါ်စုစည်းကာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 မြောက်ကိုရီးယားသည်ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်သည့် ဒုံးကျည် စမ်းသပ်မှု အပြည့်အဝ အောင်မြင်မှု ရရှိခဲ့ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ အခြေအနေ က မြောက်ကိုရီးယား လက်နက် နည်းပညာ အဆင့်တစ်ခု မြင့်တက်လာခြင်းဟု ယူဆနိုင်ပြီး တောင်ကိုရီး ယား အတွက် စိုးရိမ်စရာ ညွှန်ကိန်းလည်း ဖြစ်လာသည်။

 တောင်ကိုရီးယား သမ္မတ၏ ပြောရေးဆိုခွင့်ရ အရာရှိ မင်ကျောင်ဝုခ်က သမ္မတသည် မေလ ၁၂ ရက်တွင် ပြုလုပ်မည့် လုံခြုံရေး ဆွေးနွေးပွဲ၌ သဘာပတိအဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ထို့နောက်ပိုင်းတွင် နိုင်ငံ ခြားရေး ဝန်ကြီး၊ လုံခြုံရေးဆိုင်ရာ ဌာန အကြီးအကဲများနှင့် သီးသန့် တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။

 မြောက်ကိုရီးယားက ရေအောက်မှ ဒုံးကျည်ပစ်ခတ်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်လာခြင်းသည် တောင်ကိုရီး ယား ရေတပ်သင်္ဘောများကို အကြီးအကျယ် ခြိမ်းခြောက်လာမည့် အလားအလာ ရှိနေသည်။ သမ္မတ ပက်ခ် ခေါ်ယူသည့် အစည်းအဝေးတွင် နိုင်ငံခြားရေး၊ လုံခြုံရေးနှင့် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ထောက်လှမ်းရေးဌာန အကြီးအကဲတို့ တက်ရောက်ကြမည် ဖြစ်သည်။

 အဆိုပါ လုံခြုံရေး အစည်းအဝေးမျိုးသည် တစ်နှစ်ခန့်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ပြုလုပ်ခြင်းလည်း ဖြစ်သည်။ မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်ခတ်မှုတွင် ဒုံးကျည်သည် အမြင့် မီတာ(၁၀၀)မှ (၁၅၀) ခန့်သာ တက်ရောက်နိုင်ခဲ့ရာ ကနဦးအဆင့် စမ်းသပ်ချက်သာ ရှိသေးသည်။ သို့သော်လည်း နှစ်နှစ်၊ သုံးနှစ်မျှ အချိန်အတွင်း ယင်းဒုံးကျည် ပစ်ခတ်မှုကို မြောက်ကိုရီးယား အနေဖြင့် စွမ်းအင်ပြည့် လုပ်ဆောင်လာနိုင်ကြောင်း တောင်ကိုရီးယား စစ်ဘက်သုတေသီများက ခန့်မှန်းထားသည်။

_Ref: Xinhua
7Day DAILY 

No comments:

Post a Comment