Tuesday 12 May 2015

ဘာရင်ကျွန်းမီးတောင် ပြင်းထန်စွာ ပေါက်ကွဲလျှင် မြန်မာနိုင်ငံတွင် ငလျင်နှင့် ဆူနာမီရေလှိုင်း အန္တရာယ်ရှိဟုဆို

ကပ္ပလီပင်လယ်ပြင် အတွင်းရှိ ဘာရင်ကျွန်း (Barren Island) မီးတောင်သည် အင်အားပြင်းထန်စွာ ပေါက်ကွဲခဲ့ပါက မြေငလျင် လှုပ်ခတ်ခြင်းနှင့် ဆူနာမီ ရေလှိုင်းအန္တရာယ်ကို မြန်မာနိုင်ငံတွင် ကြုံတွေ့နိုင် သဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

အဆိုပါ မီးတောင်သည် လက်ရှိအချိန်တွင် အင်အားပြင်းပေါက်ကွဲမှု မဖြစ်ပေါ်သေးဘဲ ပြာမှုန့်နှင့် ချော်ရည်ပူများ မှုတ်ထုတ်လျက်ရှိပြီး ယင်းမီးတောင် ပေါက်ကွဲခဲ့ပါက မြေငလျင်နှင့် ဆူနာမီ အန္တရာယ် ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

“မီးတောင်ပေါက်တာ ဆိုတော့ သတိတော့ ထားရမှာပါ။ ဒါပေမဲ့ အရမ်းကြီး စိုးရိမ်ပြီး ကျီးလန့်စာစား ဖြစ်နေ ရင်တော့ မကောင်းဘူးပေါ့။ ဖြစ်မယ် မဖြစ်ဘူးဆိုတာ ကြိုတင်ခန့်မှန်းလို့ မရဘူးဆိုတော့ ကြိုပြီးတော့ သတိရှိဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

ဘာရင်မီးတောင်သည် လှုပ်ရှားမှု အမြဲရှိနေသည့် မီးတောင်တစ်ခု ဖြစ်ပြီး အကြီးစားပေါက်ကွဲမှုမျိုး အကြိမ် များစွာ ဖြစ်ပေါ်ခဲ့ဖူးသည့်အတွက် ဆူနာမီအန္တရာယ် ရှိနိုင်ကြောင်း၊ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ခဲ့ပါက မြန်မာ့ ကမ်းရိုးတန်းဒေသနှင့် ကီလိုမီတာ ၄၀၀ ခန့်သာ ကွာဝေးသည့်အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီကမ်းရိုးတန်း၊ မြိတ်ကျွန်းစု ဒေသတို့သည် ဆူနာမီအန္တရာယ်ကို ကြုံတွေ့နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေးချက် ထုတ်ပြန်ထားသည်။ 

“မီးတောင်ပေါက်တာ ပြင်းရင်တော့ ဆူနာမီအန္တရာယ် ရှိနိုင်တဲ့အတွက် အခုက အခြေအနေကို စောင့်ကြည့် နေတုန်းပါ” ဟု အဆိုပါ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောဆိုသည်။

အဆိုပါ မီးတောင်သည် ၂၀၀၅ ခုနှစ် ဝန်းကျင်က ပေါက်ကွဲဖူးသော်လည်း မြန်မာနိုင်ငံဘက်သို့ အင်အား ပြင်း မြေငလျင်နှင့် ဆူနာမီအန္တရာယ် သက်ရောက်မှု မရှိခဲ့ကြောင်း၊ သို့သော် ယခုတစ်ကြိမ်တွင် မီးတောင် ပေါက်ကွဲမှု ပြင်းထန်၍ မြေငလျင်နှင့် ဆူနာမီ ဖြစ်လာပါက ဌာနအနေနှင့် အချိန်မီသတိပေးချက် ထုတ်ပြန် ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနခွဲများကို ညွှန်ကြားထားကြောင်း ဦးကျော်မိုးဦးက ဆက်လက်ပြောကြားသည်။

“ကြက်ခြေနီတပ်ဖွဲ့ အချင်းချင်း တော့ ကြိုတင်သတိပေးထားတာ ရှိတယ်။ လောလောဆယ်တော့ ဘာမှ မလုပ် သေးဘူး။ အဲဒီ Alert ကို DMH (မိုး/ဇလ ဌာန) က ရမှလုပ်တာ။ DMH ရဲ့ Information ကိုပဲ အတည်ယူတာမို့လို့ပါ” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးဒုက္ခ စီမံခန့်ခွဲရေးဌာန ဒုတိယဌာနမှူး ဒေါ်မိုးသီတာဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ မိုးလေဝသဌာနတို့က ဆူနာမီ သတိပေးချက် တရားဝင် ထုတ်ပြန် ထားခြင်း မရှိသေးပေ။

The Voice Weekly 

No comments:

Post a Comment