Tuesday 12 May 2015

မူးယစ်ဆေးသုံးသူများမောင်းမကန်ကမ်းခြေကိုမျက်စိကျ

ဟိုတယ်၊ တည်းခိုခန်းများအပြင် အလုံပိတ် အခန်းပါ စားသောက်ဆိုင်များ တစ်နှစ်ထက် တစ်နှစ် တိုးလာ သော မောင်းမကန် ကမ်းခြေအားတားမြစ် ဆေးသုံးစွဲသူတို့ကဆေးသုံးစွဲရန် နေရာအဖြစ် မျက်စိကျ လာ ကြောင်း မောင်းမကန် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးဦးယူသိန်းကပြောသည်။

ထို့ကြောင့် ပွင့်လင်းရာသီကစပြီးသက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာအခါအားလျော်စွာ ကင်းလှည့် နေရပြီး တချို့ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၏ ပူးပေါင်းပါဝင်မှု အားနည်းခြင်းကြောင့် မူးယစ်ဆေး သုံးစွဲမှု တားဆီးရေးတွင် အခက်အခဲ ဖြစ်ရသည်ဟု ဦးယူသိန်းက ပြောသည်။

“တချို့သုံးစွဲသူတွေကအရမ်းပါးနပ်ကြတယ်။ သူတို့ အချင်းချင်းအလှည့်ကျ စောင့်ပြီးသုံးစွဲကြတာ”ဟု ဦးယူသိန်း မှ ပြောသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့ညကမူးယစ်ဆေးဝါးသုံးစွဲနေသည်ဟုယူဆရသည့် လူငယ် ၄ ဦးကိုထားဝယ် အများပိုင် ကုမ္ပဏီပိုင် ဘန်ဂလိုတွင် စိတ်ကြွဆေးပြား ၅ ပြား၊ ဆေးသုံးရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းမောင်းမကန် ရဲစခန်းမှ သိရသည်။

ဖမ်းဆီးခံရသူများသည် အသက် ၁၇ နှစ်မှ ၁၉ နှစ်ကြားလူငယ်များဖြစ်ပြီး တက္ကသိုလ် ပထမနှစ် ကျောင်း သား တစ်ဦးနှင့် ဆယ်တန်းဖြေထားသူတစ်ဦးတို့ ပါဝင်ကာထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် နေထိုင်ကြသူ များဟုသိရသည်။

“သူတို့ပြောတာက စမ်းသုံးကြည့်ချင်လို့ လာတာပါတဲ့။ မဖမ်းချင်ပါဘူး။ ရင်ထုမနာ ဖြစ်ရတယ်”ဟုဦးယူသိန်း ကဆိုသည်။

ဆေးသုံးစွဲသူများသည် လေလုံသောအခန်းများငှားလေ့ရှိသဖြင့် ကမ်းခြေတွင် အခန်းငှားစားသူများ တာဝန် သိဖို့ လိုကြောင်း၊ ကမ်းခြေလုံခြုံရေးကိုလည်း တိတိကျကျ ပိုင်ပိုင်နိုင်နိုင် ထားရှိကာစနစ်တကျ စီမံကိန်းချ လုပ်ဆောင်သင့်ကြောင်းကမ်းခြေသာယာရေးနှင့် စည်းကမ်းထိန်းသိန်းရေးကော်မတီမှ ဦးလေးဝင်း
ကထောက်ပြသည်။

ဟိုတယ်နှင့် တည်းခိုခန်းတချို့က ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ကြ၊ လစ်လျူရှုထားကြသည့်အတွက် ယင်းနေရာများကိုအဓိကထားစစ်ဆေးနေရ ကြောင်း ဦးယူသိန်းက ရှင်းပြသည်။

ထိုကမ်းခြေတွင် ရပ်နီးရပ်ဝေးမှ မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူများအပြင် ရောင်းဝယ်ဖြန့်ချိသူများပါ ဝင်ထွက်သွားလာ လှုပ်ရှားလေ့ရှိကြောင်း စားသောက်ဆိုင် အသိုင်းအဝိုင်းနှင့် ဒေသခံများထံမှ သိရသည်။

Dawei Watch
The Myanma Age 

No comments:

Post a Comment