Tuesday 12 May 2015

ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင် ဦးခင်လှိုင် (ဇောတိက) က ဦးရဲထွဋ် ထံ သို့ အကြောင်းပြန်စာတွင် ပါရှိသည့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က အများပြည်သူ အပန်းဖြေမည့်နေရာအား ဗိုလ်မှူးဝဏ္ဏ(ငြိမ်း) ဆိုသူကို မတန်တဆ ဈေးနှုန်းဖြင့် ငှားရမ်းထားခြင်းဖြစ်ဟု သိရ

ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း ဧရိယာအတွင်းရှိ ငှားရမ်းထားသော နေရာအား တွေ့ရစဉ် 
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၇)ဖြစ်သူ ဦးခင်လှိုင်(ဇောတိက)က ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာမှတစ်ဆင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံသို့ ဗိုလ်တထောင်ဆိပ်ကမ်းရှိ အမှိုက် များ၊ ခွေးလေခွေးလွင့်များကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်စာတွင် “ဦးရဲထွဋ် နှာစေးနေသည့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဆိပ်ကမ်းနယ်မြေရှိ ပြည်သူများ အပန်းဖြေမည့်နေရာအား တစ်လ ကျပ်ငါးသိန်းဖြင့် တပ်မတော်အရာရှိ တစ်ဦးကို  ၁၀ နှစ်ငှားရမ်းပေးရန် စီမံဆောင်ရွက်ထားသော အဆောက် အအုံဓာတ်ပုံ” ကို ထည့်သွင်းဖော်ပြခဲ့ရာ ယင်းသို့ ငှားရမ်းထားခြင်းမှာ ဗိုလ်မှူးဝဏ္ဏ(ငြိမ်း) ဆိုသူ (စာရေးဆရာမာဂျေ) အား ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗိုလ်တထောင်ကမ်းနား ဗိုလ်တထောင် စေတီတော်အနီးရှိ အများပိုင် အပန်းဖြေနေရာဧရိယာ အလျား ၅၆ ပေ၊ အနံ ၄၀ ပေရှိသော မြေနေရာတွင် အဆင့်မြင့် စားသောက်ဆိုင် ဆောက်လုပ်ရန် ခေါင်း စဉ်ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ အတွင်းက ၁၀ နှစ်သက်တမ်းဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကာ ငှားရမ်းခြင်း ခံရသူ၏ လိပ်စာမှာ ကမ်းနားလမ်း အလုံမြို့နယ်နှင့် ၄(က)၊ ၄၀ အရှေ့မြင်း ပြိုင်ကွင်းလမ်း၊ တာမွေ မြို့နယ် ဟူ၍ ပါရှိသည်။

ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့ရာတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ကုန်ထုတ်လုပ်ငန်း၏ ဒုတိယ အထွေထွေ မန်နေဂျာ ဦးသန်းနိုင်ဦးနှင့် သဘောတူ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဒုတိယ အထွေထွေ မန်နေဂျာ တစ်ဦးတည်းဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းမှာ ၂၀၁၅ ခုနှစ် ဧပြီ ၁၄ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သော “မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဥပဒေ” ပါ ပုဒ်မအချို့နှင့် မကိုက်ညီကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင်(ဇောတိက) က ပြောကြားသည်။

“မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေ အခန်း ၄ ပုဒ်မ ၈ ပါ အပိုဒ်ခွဲများအရလည်းကောင်း၊ အခန်း ၇ ပုဒ်မ ၁၇ ပါ အပိုဒ်ခွဲများအရ လည်းကောင်း၊ ပုဒ်မ ၂၆ အရလည်းကောင်း ဆိပ်ကမ်းအာဏာပိုင်က ဒီလိုငှားရမ်း ချင်ရင် ပြည်ထောင်စုအစိုးရ သဘောတူညီချက်ကို ယူရတယ်လို့ ပါရှိပါတယ်။ အခု ဒုတိယအထွေထွေ မန်နေဂျာ အနေနဲ့ သက်ဆိုင်ရာ ငှားရမ်းသူကို အငှားချထားပေးခွင့် မရှိပါဘူး။ ဒါဟာ ဥပဒေနဲ့ မညီပါဘူး” ဟု ဦးခင်လှိုင် (ဇောတိက) က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ဆက်သွယ်မေးမြန်းရာ “ဗိုလ်တထောင်ဆိပ်ကမ်းနယ်မြေမှာ မြေငှားရမ်းတဲ့ကိစ္စက ကုန်လုပ်ငန်းဌာနက ငှားရမ်းတာပါ။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကနေ ပို့ဆောင်ရေးဝန်ကြီးရုံး ခွင့်ပြုချက်ကိုရယူပြီး ငှားရမ်းတာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြန်လည် ဖြေကြားသည်။

ထို့ပြင် ဦးခင်လှိုင်(ဇောတိက) ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပါရှိသည့် ယင်းနေရာအား တစ်လလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ငှားရမ်းခြင်းဖြစ်ပါက မတန်ဆဈေးနှုန်းဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ အခြားသော အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများကိုလည်း ယခုကဲ့သို့ မတန်တဆဈေးနှုန်းများဖြင့် ငှားရမ်းထားမှုများ ရှိ မရှိ၊ ထို့သို့ ငှားရမ်းမှုများတွင် အဂတိလိုက်စားမှု ရှိမရှိကို အဂတိ လိုက်စားမှု တိုက် ဖျက် ရေး ကော်မရှင်အနေဖြင့် စိစစ်ပေးရန် လိုအပ်လာပြီဖြစ်ကြောင်း သိရသည်။

အဂတိတရား လိုက်စားမှုဟူသော စကားရပ်၏ အဓိပ္ပာယ်တွင် ငွေကြေး၊ လက်ဆောင် ရယူသည့် လာဘ် ပေး လာဘ်ယူမှုအပြင် မိမိ၏ ရာထူး၊ တာဝန်ကို အသုံးပြု၍ တစ်ဖက်ဖက်သို့ လိုက်ပါလုပ်ဆောင်ပေးခြင်း၊ လုပ်ကိုင်ပေးခြင်းသည်လည်း အဂတိလိုက်စားမှု မြောက်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော် မရှင် တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်ဆိပ်ကမ်း နယ်မြေများ တည်ရှိရာ ဆိပ်ကမ်းမြို့နယ်အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကသာ ခေတ်အဆက်ဆက် ထိန်းချုပ်ထားခဲ့ခြင်းဖြစ်ပြီး ဆိပ်ကမ်းနယ်မြေအတွင်းရှိ မြေနေရာ အားလုံးကိုလည်း မျိုးစုံခြယ်လှယ်ကာ ကုမ္ပဏီအမျိုးမျိုး၊ လုပ်ငန်းအမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ငှားရမ်းပြီး စီမံဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မကြာသေးမီကာလက ကြည့်မြင်တိုင်မြို့နယ်ရှိ စည်ပင်ပိုင် ဆိပ်ကမ်းသာပန်းခြံကို ဆိပ်ကမ်းအာဏာပိုင်က ၎င်းတို့ ပိုင်ဆိုင်သည့်နေရာ အထင်ဖြင့် Asia World ကုမ္ပဏီကို တန်ချိန် ၄၀၀၀ ဆံ့ ဆီလှောင်ကန် ခြောက်လုံး ဆောက်လုပ်ရန် အငှားချထားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းနေဆဲ ကာလတွင် စည်ပင်က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အခက်အခဲများကြားတွင် ပြန်လည်ရယူ နိုင်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၇)ဖြစ်သူ ဦးခင်လှိုင်(ဇောတိက) က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာမှတစ်ဆင့် ဦးရဲထွဋ်ထံသို့ အကြောင်းပြန်စာတွင် ဖော်ပြ ထားသည်။

ဆိပ်ကမ်းမြို့နယ်၏ စည်ပင်ကိစ္စအ၀၀ကို ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဆိပ်ကမ်းမြို့နယ်ရုံးအား ယခု ၂၀၁၅ ခုနှစ် မေလမှ စတင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဆိပ်ကမ်း နယ်မြေရှိ အများပြည်သူ အပန်းဖြေရာ နေရာအား ငှားရမ်းကာ အဆောက်အအုံ ဆောက်လုပ်မည့် အစီအစဉ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လမ်းတံတားဌာန၊ ပန်းဥယျာဉ်နှင့် အား ကစားကွင်းများဌာနများ၏ မူဝါဒဖြစ်သော အများပြည်သူ သွားလာမှု၊ အပန်းဖြေမှုများအတွက် ရည်ရွယ် ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင် (ဇောတိက) က ပြောကြားသည်။

“အများပြည်သူ အပန်းဖြေတဲ့နေရာနဲ့ ဆိုင်တဲ့အတွက် လက်ခံလို့မရပါဘူး။ ဒီကိစ္စကို အနောက်ပိုင်း ခရိုင် စည်ပင် ကော်မတီဝင် တစ်ဦးအနေနဲ့ ဖြစ်စေ၊ ပြည်သူလူထုက ရွေးချယ်ထားတဲ့ ကော်မတီဝင် တစ်ဦး အနေနဲ့ဖြစ်စေ လုံးဝကို ခွင့်ပြုလို့ မရပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့  ဒီအဆောက်အအုံဆောက် လုပ်ခွင့် ကို ဟန့်တားထားပါတယ်။ ဒါဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး။ အများပြည်သူအတွက်ပါ” ဟု ဦးခင်လှိုင် (ဇောတိက) က ဆိုသည်။

ယင်းနေရာတွင် ယင်းအကျယ်အ၀န်းရှိသည့် မြေကွက်ဆိုပါက ကြိုက်ဈေးခေါ်၍ပင် ငှားရမ်းနိုင်သည့်  အနေ အထားရှိကြောင်း၊ လမ်းသွယ်များအတွင်းရှိ တိုက်ခန်းကျဉ်းများတွင် တစ်လလျှင် ကျပ် ခုနစ်သိန်းမှ ၁၂ သိန်း အထက်ပေး၍ ငှားရမ်းရသည့် အနေအထားဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment