Thursday 4 September 2014

Master Sports စက်ရုံအား ချိတ်ပိတ်၍ ပစ္စည်းထိန်းကော်မရှင်ဖွဲ့လိုက်

mastersport

Master Sports ဖိနပ်စက်ရုံမှ အလုပ်ရှင် စက်ရုံပိတ်သိမ်းကာ အလုပ်သမားများအတွက် နစ်နာကြေးမပေးဘဲ တိမ်းရှောင်နေ၍ စက်ရုံအား ချိတ်ပိတ်ကာ ပစ္စည်းထိန်းကော်မတီကို စက်တင်ဘာ ၁ရက်က ဖွဲ့စည်းလိုက်ပြီဟု ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသာရေးရာဝန်ကြီး ဦးဇော်အေးမောင်က မဇ္ဈိမကို ပြောသည်။


"ပြီးခဲ့တဲ့ ကပ်ဘိနက်အစည်းအဝေးမှာ ပစ္စည်းထိန်းသိမ်းကော်မတီ ဖွဲ့လိုက်တယ်။ စက်ရုံကိုချိတ်ပိတ်လိုက်ပြီး၊ ဒါက မာစပေါ့စက်ရုံ အတွက် ကော်မရှင်ဖွဲ့ထားတာပါ။ တစ်ခြား စက်ရုံတွေမှာလည်း အဲလိုမျိုးပြသာနဖြစ်လာရင်တော့ ထပ်ဖွဲ့ရမှာပေါ့။ ဖြစ်လာမှဖွဲ့ရတာပါ" ဟု ဦးဇော်အေးမောင်က ကပြောသည်။

မာစတာစပေါ့စက်ရုံ ပစ္စည်းထိန်းကော်မတီတွင် မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မင်း၊ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ဦးအောင်ဝင်း၊လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ အလုပ်သမားကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ အလုပ်ရှင်ကိုယ်စားလှယ် မစ်စတာဂျောင်၊ မြို့နယ်
စည်ပင်သာယာရေးအဖွဲ့စက်မှုဇုန် စီမံခန်းခွဲရေးကော်မတီ၊ မြို့နယ်ဖိနပ်ဆိုင်ရာ အလုပ်သမားအဖွဲ့ အစည်း၊ အလုပ်ရှင် အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနမှ ဦးစီးမှူး ဦးမျိုးကျော်ဦးတို့ ပါဝင်သည်။ ကော်မရှင်ကို စက်တင်ဘာ ၁ရက်က လှိုင်သာယာမြို့နယ် ကနောင်မင်းသားကြီးခန်းမတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Master Sports စက်ရုံပိတ်သိမ်းလိုက်သောကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားများအား အလုပ်ပိတ်နစ်နာကြေးနှင့် လုပ်ခလစာများကို ရက် ၃၀အတွင်းဖြေရှင်းပေးရန် စက်တင်ဘာ ၁၉ရက်က ခုံသမာဓိရုံးမှ ဆုံးဖြတ်ချက်ချခဲ့သည်။

"၁၆ရက်နေ့ဆိုပြည့်ပြီ၊ အခုကတော့ စက်ရုံထဲမှ နည်းပညာစက်ပိုင်းဆိုင်ရာ အဖွဲ့တွေက စက်ပစ္စည်းတွေရဲ့တန်ဖိုးကို စစ်နေတယ်၊ ပြည့်ပြည့်ချင်း တစ်စုံတစ်ရာမဆက်သွယ်ခဲ့ရင် ၁၇ရက်နေ့လောက် စက်ရုံ notice(သတိပေးစာ) ကပ်ဖြစ်အောင်စီစဉ်နေပြီ" ဟု ယင်းကဆိုသည်။

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒ ပုဒ်မ (၁၇) အရ  ခုံသမာဓိရုံးမှ သြဂုတ်လ၁၉ရက်မှ စ၍ ရက်၃၀အတွင်း အလုပ်ရှင်ဘက်မှ အလုပ်သမားများအား ဖြေရှင်း ပေးရမည် ဖြစ်သည်။

ယင်းအမိန့်စာတွင် လုပ်သက် ၃လအောက် အလုပ်သမားများအား အလုပ်ပိတ်သိမ်းနစ်နာကြေး  ၁လစာ၊ ၃လမှ ၁နှစ်အောက်ကို လုပ်ခလစာ ၂ဆ၊ ၁နှစ်မှ အထက်ကို လုပ်ခလစာ ၃ဆနှုန်းဖြင့်သတ်မှတ်ထားသည်။

Master Sport ဖိနပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီး စက်ရုံရှိ အလုပ်သမား ၈၀၀ခန့်က လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရန် စက်ရုံပိတ်သိမ်းသည့် နေ့မှ စတင်ကာ နံနက် ၇နာရီမှ ညနေ  ၄နာရီအထိ စက်ရုံရှေ့တွင် သြဂုတ်လ ၁၈ရက်ထိ တိုင် ဆန္ဒပြတောင်းဆိုခဲ့သည်။ သြဂုတ် ၁၈ရက်ကလည်း လှို်င်သာယာရှိ စက်ရုံရှေ့မှ ကိုရီးယားသံရုံးရှေ့အထိ လမ်းလျှောက်ကာ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့သည်။
မဇ္ဈိမ

သြဂုတ် ၁၈ရက်က လှိုင်သာယာမှ တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးထိ လမ်းလျှောက်ဆန္ဒပြလာသည့် မာစတာစပေါ့စက်ရုံလုပ်သားများ။ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ)

No comments:

Post a Comment