Thursday 4 September 2014

ဝင်ငွေနည်းလူတန်းစားအတွက် ဆန်ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရန် ကမ္ဘာ့ဘဏ်နှင့် ဆွေးနွေးနေ

 ပြည်တွင်းရှိ ၀င်ငွေနည်း ဆင်းရဲသားလူတန်းစားများ ဈေး နှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူစားသုံးနိုင်ရန် နှုန်းထားတစ်ခု သတ်မှတ် ဖြန့်ဖြူးပေးရေး ကမ္ဘာ့ ဘဏ်နှင့် ဆွေးနွေးမှုများ ပြုလုပ် နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် နှစ်များအတွင်း ပြည်ပသို့ ဆန် တင်ပို့မှု တစ်နှစ်လျှင် တန်ချိန် တစ်သန်းကျော် ရှိခဲ့ပြီး ဆန်တင် ပို့မှုကို ယခုထက်ပို၍ များများ တင်ပို့မည်ဆိုပါက ပြည်တွင်း၌ ဆန်ဈေးနှုန်းကြီးမြင့်လာနိုင်၍ ၀င်ငွေ နည်းလူတန်းစားများ အဆင်ပြေစေရန် ယခုကဲ့သို့ ပြုလုပ်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘မြန်မာနိုင်ငံဟာ ပြည်ပဆန် တင်ပို့မှုကို တွင်တွင်ကျယ်ကျယ်နဲ့ လုပ်လာပြီဆိုရင် အကာအကွယ်မဲ့နေတဲ့ သတ်မှတ်ထားတဲ့ ၀င်ငွေအုပ်စုရဲ့ အောက်မှာရောက်နေတဲ့ ဆင်းရဲသူလူတန်းစားတွေအတွက်ကို ဘယ်လိုဈေး နှုန်း မျိုးနဲ့ ဆန်ကိုဖြန့်ပေးနိုင်မလဲဆိုတာကို ဆွေးနွေးနေပါတယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ် အတွင်းရေးမှူးဦးမျိုးမြင့်ထွန်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့တွင် ၀င်ငွေနည်း လူတန်းစားများအတွက် ယခုကဲ့သို့ ဆန်စပါးကို ဈေးနှုန်းတစ်ခု သတ်မှတ်၍ ဖြန့်ဖြူးပေးသည့် စနစ်ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း အဆိုပါစနစ်ကို အကောင် အထည်ဖော်ရန် ကမ္ဘာ့ဘဏ်နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ ‘‘ဆန်များများ တင်ပို့ပြီ ဆိုရင် ပြည်တွင်းမှာ ဆန်ဈေးနှုန်းက မြင့် လာတဲ့ သဘောရှိပါတယ်။ ဈေး မြင့်လာတာဟာ တောင်သူတွေ နဲ့ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ကောင်းတယ်ဆိုပေမယ့် မြို့ပေါ် က ဆင်ခြေဖုံးတွေမှာနေတဲ့ ၀င် ငွေနည်း ဆင်းရဲတဲ့လူတွေအတွက် ဘယ်လို လုပ်ပေးမလဲဆိုတာကို အဓိက ဆွေးနွေးနေပါတယ်’’ ဟု မြန်မာနိုင်ငံ တောင်သူလယ်သ မားအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများ သို့ ဆန်တင်ပို့မှုအနေဖြင့် တန် ချိန် ၁ ဒသမ ၂ သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့နိုင်မည်ဟု စီးပွား ကူးသန်းဝန်ကြီးဌာနက ခန့်မှန်းထားသည်။

7Day DAILY

No comments:

Post a Comment