Monday 1 September 2014

ဧရာဝတီတိုင်းမှ တောင်သူလယ်သမား ခြောက်ရာကျော် လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒပြ


ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ ကျိုက်လတ်၊ ကျောင်းကုန်း၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ လပွတ္တာ၊ ငပုတောမြို့နယ် အတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံရသော လယ်သမားခြောက်ရာကျော် မအူပင်မြို့တွင် စုပေါင်း၍ သိမ်းဆည်းခံလယ်မြေများပြန်လည်ရရှိရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ))
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ လယ်ယာ မြေသိမ်းဆည်းခံရသော တောင်သူ လယ် သမား ခြောက်ရာကျော်သည် လယ်ယာမြေများပြန်လည်ရရှိရန် မအူပင်မြို့၌ စုပေါင်းဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

သြဂုတ် ၃၀ ရက်တွင် ဧရာဝတီတိုင်းအတွင်းရှိ ကျိုက်လတ်၊ ကျောင်းကုန်း၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ လပွတ္တာ၊ ငပုတော စသည့် မြို့နယ်များမှ လယ်ယာမြေသိမ်း ဆည်းခံရသော တောင်သူလယ်သမားများက မအူပင်မြို့ အတွင်းလှည့်လည်ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မအူပင် မြို့နယ်အတွင်း သိမ်းဆည်းခံရသော လယ်ယာမြေဧက ငါးသောင်းကျော်ရှိကြောင်း ဆန္ဒပြ လယ်သမား များက ပြောသည်။

‘‘အစိုးရမြေကို သီးစားနဲ့လုပ်တယ်။ နောက်ပိုင်းကျ ပုံစံ(၇)၊ ပုံစံ (၁၀၅)နဲ့ မြေအပိုင်ပေးတယ်။ အဲဒီမြေတွေ ကိုလည်း ပြန်သိမ်းသွားတာမနည်းဘူး။ ကျွန်တော်ဆို သီးစားနဲ့လုပ်နေတာ။ စပါး အပြည့်မပေးနိုင် လို့ ထောင် လည်း ကျတယ်။ လယ်ယာမြေလည်း အသိမ်းခံရတယ်’’ ဟု လယ်ယာ မြေ ၁၈ ဧက သိမ်းဆည်း ခံရသူ မအူပင်မြို့နယ် လက်ပံကုန်းကျေးရွာနေ ဦးတင့်လွင်ကပြောသည်။

ဆန္ဒပြ တောင်းဆိုရာတွင် ‘မူလတောင်သူများနစ်နာမှုမရှိ ရေး ဆောင်ရွက်ပေး၊ တို့လယ် ယာမြေ အမြန် ဆုံး ပြန်ပေးရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုရရှိ ရေး၊ သန့်ရှင်းသောအစိုးရ ရရှိရေး၊မူလလယ်သမားများ လယ်ပြန် ပေးရေး၊ ဘက်လိုက်(လယ်/ ဆည်) အလိုမရှိ’ စသည့်ကြွေးကြော်သံများ အော်ဟစ် ကာ တောင်းဆို ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

‘‘အစိုးရက သိမ်းဆည်းခံ လယ်ယာမြေတွေပြန်ပေးတာကလည်း မူလသိမ်းဆည်းခံလယ် သမားတွေ ကို ပြန်ပေး တာ မဟုတ်ဘူး။ သီးစားချပြီးတော့ အသစ် ပေးနေတာ။ အစိုးရက လယ်ယာ တွေကိုပြန်ပေး ပါလို့ လမ်းညွှန် ထားပေမယ့် ဒေသဆိုင်ရာအစိုးရ အဖွဲ့က တစ်မျိုးလုပ်ဆောင်နေ တာ။ လယ်သမားတွေကို အရူး လုပ်နေတာ။ လယ်သမားတွေကို ပြန်ပေးချင်တဲ့ဆန္ဒရှိရင် တကယ် ပေးမှာပေါ့။ မပေးချင်တဲ့ဆန္ဒရှိနေ လို့ ဒီလိုလုပ်နေတာပေါ့’’ဟု မအူ ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိန်ဝင်းဟန် က ပြော သည်။

နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီထိ မအူပင်မြို့အတွင်း လှည့်လည်ဆန္ဒပြခဲ့ပြီး သက်ဆိုင်ရာ၏ တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment