Friday 28 March 2014

အမျိုးသားပညာရေး ဥပဒေကြမ်းကို အချက် ၁၃ ချက်ဖြင့် NNER ကန့်ကွက်

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင် ရေးဆွဲထားသော အမျိုးသားပညာရေး ဥပဒေကြမ်း ကို ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် (NNER) က အချက် ၁၃ ချက်ဖြင့် ကန့် ကွက်ကြော င်း မတ်လ ၂၇ ရက်နေ့တွင် အဆိုပါ ကွန်ရက်က တရားဝင် ကြေညာလိုက်သည်။
ကန့်ကွက်ချက်များတွင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်၊ ပညာရေး ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားနှင့် တာဝန်ယူမှုပေါ် မူတည်ပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချရန် စီစဉ်ခြင်းတို့အပြင် ဘာသာစကား သင်ကြား မှု၊ ဒေသအလိုက် တက္ကသိုလ်များ၏ သင်ရိုးပြဋ္ဌာန်းခွင့်ကို ချုပ်ကိုင်မှုများ တွေ့ရခြင်းတို့ ပါဝင်ကြောင်း ဖော်ပြ ထားသည်။

“ဥပဒေကြမ်းကို အတည်ပြုဖို့ လွှတ်တော်က ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် သူတို့ ခေါင်းညိတ်တာ ခေါင်းခါ တာက ပြည်သူလူထု အနာဂတ်ကို ဂယက်ထစေတယ်။ ဗဟိုက ချုပ်ကိုင်မယ့် ဥပဒေကို ထောက်ခံတာ သမိုင်း တရားခံလို့ပဲ သတ်မှတ်တယ်” ဟု ဒဂုံတက္ကသိုလ် ဆရာ၊ဆရာမများသမဂ္ဂ ဥက္ကဋ္ဌ ဦးအာကာမိုးသူ က ပြောကြားသည်။

အဆိုပါ ကန့်ကွက်မှုတွင် အမျိုးသားပညာရေး ကောင်စီ/ကော်မတီ ဖွဲ့စည်းခြင်းတွင် ဒုတိယသမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အာဏာပိုင်များ ပါဝင်သည့်အပေါ် ဆန့်ကျင်ပြီး ယင်းကောင်စီမှ တစ်ဆင့် ဗဟိုချုပ်ကိုင်မှုများ ဆက်လက် ဆောင်ရွက်မည်ကို စိုးရိမ်မိကြောင်း NNER ကွန်ရက်ဝင် များက ပြောဆိုသည်။

ကန့်ကွက်ခဲ့သော အမျိုးသားပညာရေး ဥပဒေကြမ်းပါ အခန်းများတွင် အခန်း ၃ ရှိ ပုဒ်မ ၄ (ဇ) နှင့် ၄ (ထ)၊ အခန်း ၅ ရှိ ပုဒ်မ (၂၁)၊ ပုဒ်မ (၂၅) နှင့် ပုဒ်မ (၃၀)၊ အခန်း ၆ ရှိ ပုဒ်မ (၃၃)၊ ပုဒ်မ (၃၄)၊ ပုဒ်မ (၃၇) နှင့် ပုဒ်မ ၃၇ (ဃ) တို့ ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် လက်တွေ့ ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့ကို သီးခြား ရေးဆွဲခဲ့ကြပြီး မတ်လ ၁၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တစ်ပြိုင်နက် တင်သွင်းခဲ့ကြသည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ကို ၂၀၁၃ ခုနှစ်က စတင် ဖွဲ့စည်း ခဲ့ပြီး ယင်းကွန်ရက်တွင် ဒီမိုကရေစီအင်အားစု နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ် ဘက် လူ့အဖွဲ့စည်းများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ သာသနာပြုကျောင်းနှင့် တက္ကသိုလ်များ၊ ဆရာများ သမဂ္ဂနှင့် အသင်းများ၊ ကျောင်းသားသမဂ္ဂနှင့် အသင်းများ၊ ပညာရေးကွန်ရက်များနှင့် အဖွဲ့အစည်းများ ပါဝင်ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment