Friday 28 March 2014

၁၀၀ မဂ္ဂါဝပ်ထွက် သဘာဝဓာတ်ငွေ့သုံး စက်ရုံ ဧပြီလအတွင်း အပြီးတည်ဆောက်မည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ ရရှိမည့် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်မည့် ၁၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားပေး စက်ရုံကို မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် တောမကျေးရွာတွင် ဧပြီလအတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဌာန တိုင်း လျှပ်စစ်အင်ဂျင် နီယာ က ပြောကြားသည်။
"တည်ဆောက်တာက နှစ်ခုပါ။ တစ်ခုက တောင်သာမှာပါ။ တောင်သာကတော့ ဘယ်တော့ပြီးမယ် ပြောလို့ မရသေးဘူး၊ ကျောက်ဆည်နဲ့ စဥ့်ကိုင်ကြားက စက်ရုံကတော့ သင်္ကြန်ပြီးတာနဲ့ အပြီး တည်ဆောက်မှာပါ" ဟု ၄င်းကဆိုသည်။

အဆိုပါစက်ရုံများကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ ဖြတ်သန်းသွားသည့် မြင်းခြံခရိုင် တောင်သာမြို့နှင့် ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့ နယ် တောမ ကျေးရွာတွင် တည်ဆောက်မည် ဖြစ်ပြီး တောမကျေးရွာတွင် ဓာတ်ငွေ့သုံး ၄ ဒသမ ၇ မဂ္ဂါဝပ် ဂျင်နရေတာ ၆၈ လုံးဖြင့် လည်ပတ်မည်ဖြစ်ပြီး အဆိုပါ ဂျင်နရေတာ ၆၈ လုံးမှ အနည်းဆုံး လျှပ်စစ် ဓာတ် အား မဂ္ဂါဝပ် ၁၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားများကို ဘဲလင်း ၃၃ KV ဓာတ်အား ခွဲရုံသို့ ပို့မည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

အဆိုပါ စက်ရုံ တည်ဆောက်ပြီးစီးပါက လာမည့်နွေရာသီတွင် မန္တလေး တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား ပိုမိုသုံးစွဲနိုင်မည် ဖြစ်ပြီး ဓာတ်အား ပြတ်တောက်မှု နည်းပါးသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ပြောကြားသည်။

"လျှပ်စစ်ဓာတ်အားတွေ ပိုလာမယ်။ အများပြည်သူတွေ အတွက် အမှန်တကယ် အကျိုးရှိမယ် ဆိုရင်တော့ ကြိုဆိုပါတယ်ဗျာ။ အရင်ကလို သတင်းစာတွေထဲမှာ ဓာတ်အားဘယ်လောက် ပိုတယ်၊ ဘယ်လောက်ထုတ် လုပ်တယ်ပြောပြီး လက်တွေ့မှာတော့ ဘာမှမဟုတ်ရင် အလကားပဲဗျ" ဟု လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ မတ်လ ၂၉ ရက်နေ့တွင် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံး ရှေ့၌ လူအင်အား ၁၀၀ ကျော်ဖြင့် ဆန္ဒပြမည့် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ တာဝန်ရှိသူ ဦးသိန်းအောင်မြင့် က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အနေနှင့် လျှပ်စစ်ဓာတ်အား ၃၅၀ မဂ္ဂါဝပ် သုံးစွဲပြီး မန္တလေးခရိုင် အနေနှင့် လျှပ်စစ် ၂၀၀ မဂ္ဂါဝပ်သုံးစွဲကြောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၄၇၈၀ ရှိပြီး မီးလင်းရန် ၁၉၉၆ ရွာခန့် ကျန်ရှိနေသေးကြောင်း၊ အဆိုပါစက်ရုံ စတင် လည်ပတ်နိုင်ပါက ကျေးရွာ များကို လျှပ်စစ်မီး တိုးချဲ့ပေးသွားနိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment