Friday 28 March 2014

သစ်တောထွက်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကလေး-မန္တလေးပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို သတင်းအရ ရှောင်တခင်ပိတ်ဆို့ရှာဖွေရာမှ သစ်တော ထွက်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို မတ်လ၊၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ၊၁၉ ရက်နေ့ ညနေ (၅း၁၀ ) မိနစ်အချိန်တွင် ကလေးခရိုင် ထ/နခေါင်းဆောင် ရဲအုပ် သီဟ ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၅)၊ ကလေးဝမြို့ လှုပ်ရှားဆွယ်မှ တပ်ကြပ်ကြီး မြင့်သိန်းပါ တပ်ဖွဲ့ဝင် များသည် ကလေးဝမြို့နယ်၊ တောင်ကုန်းရွာအနီး ကလေးဝ-ယာကြီး-မုံရွာ ကားလမ်း မိုင်တိုင်အမှတ်(၁၁၁ )တွင် စောင့်ဆိုင်း၍ ကလေး-မန္တလေး ခရီးသည်တင်ကားများကို ရှောင်တခင် စစ်ဆေးရှာဖွေခဲ့ကြောင်း၊ ယာဉ်မောင်း ဇော်မျိုးလတ်၊ ယာဉ်နောက်လိုက် တိုးနိုင်ဝင်းလိုက်ပါမောင်းနှင်သည့် (၆ခ/၁၅၄၆) ရွှေသဇင် မှန်လုံခရီးသည်တင်ယာဉ်အား သက်သေများရှေ့တွင် စစ်ဆေးရှာဖွေရာ ကား၏ထိုင်ခုံနောက်ဆုံး တန်းနှင့် နောက်ပိတ်ကြားတွင် အလျား(၂ပေ ၁၁ လက်မ)ခန့်၊ အလေးချိန် ၃ ပိဿာခန့်စီရှိ ဆင်စွယ်(၂)ချောင်း ကို ဖမ်းဆီးမိခဲ့ကြောင်း၊ ဆင်စွယ်တစ်ပိဿာလျှင် (၁၀) သိန်းကျပ်နှုန်းဖြင့် ကာလတန်ဖိုး ကျပ်သိန်း (၆၀) ရှိကြောင်း သိရသည်။

ထို့ပြင် ကိုဇော်မျိုးလတ်၏ ထိုင်ခုံယာဖက် တူးဘောက်စ်နှင့် ကားဘော်ဒီကြားတွင် ပလတ်စတစ် အပြာရောင် အိတ်ခွံဖြင့်ထုတ်ပြီး Red Ruby ဆေးလိပ်ဘူးခွံတစ်ခုထဲတွင် ထည့်ထားသော ၈၈ စာတမ်းပါ စိတ်ကြွရူး သွပ်ဆေးပြား( ၁၂၂ ) ပြားကို ဖမ်းဆီးရမိခဲ့ပြီး တစ်ပြားလျှင် (၅၀၀၀ ) ကျပ်နှုန်းဖြင့် ကာလတန်ဖိုး ( ၆၁၀၀၀၀ )ကျပ်ရှိကြောင်းသိရသည်။

ယင်းပစ္စည်းများနှင့်ပတ်သက်၍ ၄င်းတို့နှစ်ဦးအား မေးမြန်းရာ အဆိုပါဆင်စွယ်များ သည် ရွှေသဇင် ကား ဂိတ်မှ ကုန်ကိုယ်စားလှယ်ဖြစ်သူ ကိုအဲ(ခ)၀င်းထွဋ်မှ တင်ပေးခဲ့ကြောင်းနှင့်ပစ္စည်းပိုင်ရှင်မှာ မအား မိန် ဖြစ်ကြောင်း၊ ၎င်းတို့လေး ဦးကို ကလေးဝ၊ မြို့မရဲစခန်းတွင် (ပ) ၁၇/၂၀၁၄၊ သဘာဝ အပင်များနှ င့် တောရိုင်းတိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ-၃၇(က) ဖြင့် လည်းကောင်း၊ ယာဉ်မော င်း ဇော်မျိုးလတ်နှင့် ယာဉ်နောက်လိုက် တိုးနိုင်ဝင်းတို့ နှစ်ဦးအား ကလေးဝမြို့မ ရဲစခန်းက မယ(ပ) ၂/ ၂၀၁၄၊ မူး/စိတ်- ၁၅/၁၉(က) / ၂၁တို့ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ထားကြော င်း သိရ သည်။

ကုန်ကိုယ်စားလှယ်ဖြစ်သူ ကိုအဲ(ခ) ၀င်းထွဋ်မှာ တိမ်းရှောင်နေပြီး ပစ္စည်းပိုင်ရှင် မအားမိန်ကိုလည်း စုံစမ်း ဆဲဖြစ်ကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ဖမ်းဆီးရရှိမှုအပြင် မတ်လ(၁၉)ရက်နေ့၊ ညနေ (၅း၃၀ )အချိန်မှာပင် အဆိုပါ ပြည်သူ့ရဲ တပ်ဖွဲ့ဝင် များသည် ကလေးဝမြို့နယ်၊ တောင်ကုန်းရွာ အနီး ကလေးဝ-ယာကြီး-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၁၁၀) တွင် ရှောင်တခင်စစ်ဆေးရာ ကလေးမှ မန္တလေးသို့ ယာဉ်မောင်း တင်ထွန်းအောင် မောင်းနှင်လာပြီး ယာဉ်နောက်လိုက် ဂျာဂျန်းဘာလူးလိုက်ပါလာသော (၃စ/၈၁၇၅) ရွှေသဇင် မှန်လုံခရီးသည် တင်ယာဉ်အား စစ်ဆေးရှာဖွေရာ ခရီးသည်များထိုင်သည့် ထိုင်ခုံအောက်မှ အဖြူရောင်ပီနံအိတ် ၅ အိတ်အတွင်းထည့်လျှက် သင်းခွေချပ်အကြေးခွံ စုစုပေါင်း (၃၄) ပိဿာကို ဖမ်းဆီးရမိခဲ့ပြီး တစ်ပိဿာလျှင် (၆)သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး သိန်း(၂၀)နှင့် လေးသောင်းကျပ်ဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သင်းခွေချပ်များသည် ရွှေသဇင်ကားဂိတ်မှ ကုန်ကိုယ်စားလှယ်ဖြစ်သူ ကိုအဲ(ခ)၀င်းထွဋ်မှ တင်ပေး ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၄င်းတို့သုံးဦးအား ကလေးဝမြို့မရဲစခန်းက (ပ)၁၇/၂၀၁၄ ၊ သဘာဝအပင်များနှင့် တောရိုင်းတိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ – ၃၇(က) အရ အမှုဖွင့် အရေး ယူ ထားကြောင်း သိရပြီး ၎င်းပစ္စည်းများနှင့်ဆက်စပ်ပတ်သက်သူများကိုလည်း ဆက် လက်ဖော် ထုတ်နိုင်ရန် စုံစမ်းနေကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကလေးပို့စ်

မြန်မာ့ခေတ်

No comments:

Post a Comment