Friday 28 March 2014

လျှပ်စစ်မီတာခ ပြန်လျော့ချပေးဖို့ ဆန္ဒပြ တောင်းဆို

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လွှတ်တော်ကနေ အတည်ပြုခဲ့တဲ့ လျှပ်စစ်မီတာခတိုးမြှင့် ကောက်ခံဖို့ အပေါ်ကို အခြေခံလူတန်းစားတွေအနေနဲ့ လက်မခံနိုင်တဲ့အတွက် ရန်ကုန်မြို့ ဆူးလေဘုရား တစ်ဝိုက်မှာ မနေ့တုန်း က ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့ကြပါတယ်။
အိမ်သုံး ၁ ယူနစ်ကို ယူနစ် ၁၀၀ အထက် သုံးစွဲရင် ပိုလျှံတဲ့ ယူနစ်ကို ၅၀ နှုန်းထားနဲ့ ကောက်ခံမှာ ဖြစ်ပြီး လုပ်ငန်းသုံးမီတာတွေကိုလည်း တိုးမြှင့်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းမြင့်တက်လာတဲ့အပေါ် အခုလို
ဆန္ဒပြတောင်းဆိုတာပါ။

မနေ့တုန်းက ဖယောင်းတိုင်ထွန်းဆန္ဒပြခဲ့တာနဲ့ ပက်သက်ပြီး ဦးဆောင်ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ Generation Youth က ကိုတင်ထွဋ်ပိုင်က အခုလို ပြောပါတယ်။

“ဒီနေ့ ဆန္ဒပြတာတော့ လူအင်အား ၂၀၀ ကျော်လောက်ရှိမယ်ခင်ဗျ။ ဒီနေ့ပြတဲ့ ရည်ရွယ်ချက်ကတော့ တစ်အချက်ကတော့ ကျွန်တော်တို့ ၂၀၁၃ အစပိုင်းမှာ ပြခဲ့တဲ့ လူထုဆန္ဒကို အလေးမထားတဲ့ အစိုးရကို အလိုမရှိကြောင်း၊ တိုးမြှင့်တဲ့အပေါ်မှာ ကျွန်တော်တို့ လုံးဝ လက်မခံနိုင်ကြောင်း သက်သေပြ တာ နှစ်ခုဖြစ်ပါတယ်ခင်ဗျ။”

မနေ့က ဖယောင်းတိုင်ထွန်းဆန္ဒပြခဲ့တဲ့ ဦးဆောင်သူ နှစ်ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အရေးယူထားကြောင်း ကိုတင်ထွဋ်ပိုင်က ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ဒီဆန္ဒပြတဲ့ သူတွေထဲကပေါ့နော်။ နှစ်ယောက်ပေါ့နော်။ ဦးဝင်းချိုရယ်၊ ကိုဝေဠုရယ်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆို လိုက်ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့က ပြည်သူတွေကနေပြီးတော့ ဒီမိုကရေစီ နည်းအရ ကျွန်တော်တို့ ကျင့်သုံးတာပါ အဲဒီဟာကို ကျွန်တော်တို့ကို ဒီမိုကရေစီနည်းအရ မဟုတ်ပဲနဲ့ ကျွန်တော် တို့ကို ဖမ်းဆီးဖို့ ချုပ်နှောင်ဖို့ တရားစွဲတဲ့ဟာကို လုံးဝ မဖြစ်သင့်တဲ့ အရာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။”

အခုလို အစိုးရဘက်က ဆန္ဒပြမှုတွေကို ပုဒ်မ ၁၈ နဲ့ အရေးယူတဲ့အပေါ်လည်း တုန့်ပြန်မှုတွေ ပြုလုပ် သွား မယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ဖယောင်းတိုင်ထွန်းဆန္ဒပြတာဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အခုချိန် မှာလည်း တိုးမြှင့်ကောက်ခံမှုကို လွှတ်တော်က အတည်ပြုခဲ့တဲ့အတွက် ပြန် လည် ပြင် ဆင်ပေးဖို့ တောင်း ဆိုတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့မှာလည်း စမ်းချောင်းမြို့နယ်ကနေ အလုံမြို့နယ်မှာ ရှိတဲ့ လျှပ်စစ်ဝန်ကြီးဌာနရုံးထိကို ဖယောင်း တိုင်ထွန်း ချီတက်ဆန္ဒပြဖို့ ရှိတယ်ဆိုတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှက သတင်းပေးပို့ ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment