Thursday 13 September 2012

မြန်မာနိုင်ငံမှ ပို့ကုန်များ နော်ဝေနိုင်ငံသို့ တင်သွင်းရာတွင် အခွန်အထူးသက်သာခွင့် (GSP) ရရှိ


ပြည်ပတင်ပို့သည့် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်သည့် စက်ရုံတစ်ရုံလုပ်ငန်းခွင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ ပို့ကုန်များ နော်ဝေနိုင်ငံသို့ တင်သွင်းရာတွင် အခွန်အထူးသက်သာခွင့်(GSP-General -ized System of Preferences) ရရှိပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ GSP ပေးအပ်ခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး GSP ပေးသည့်အ တွက်   မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် နော်ဝေနိုင်ငံအတွင်း ဈေးကွက်ချဲ့ထွင်ရာတွင် များစွာအထောက် အကူ ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံကို GSP ပေးရခြင်းမှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အား နော်ဝေနိုင်ငံအတွင်းသို့ ဈေးကွက်ရှာဖွေနိုင်ရန်၊ မြန်မာ့ပို့ကုန်ပစ္စည်းများ နော်ဝေနိုင်ငံသို့ လွတ်လပ်စွာ တင်ပို့ခွင့်အတွက်ဖြစ်ကြောင်းနှင့် နော်ဝေ မှ GSP ပေးသည့်အတွက် မြန်မာနိုင်ငံတွင် အခြားနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အခွန်အထူးသက်သာခွင့် (GSP-Generalized System of Preferences) နှင့်ပတ်သက်၍ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက''မြန်မာနိုင်ငံအနေနဲ့က Forced Labour ကြောင့် ILO ရဲ့ ကန့်သတ် ချက်အရ လုပ်ငန်းရှင်များဟာ GSP နဲ့ပတ်သက်ပြီး ခံစားခွင့်မရခဲ့ပါဘူး။ GSP ခံစားခွင့်ရအောင် အရင်ကလည်း ငါးလုပ်ငန်းဦးစီးဌာနက တင်ပြပေးခဲ့ပါတယ်။ ဒါပေမယ့် ဟိုဘက်ဘယ်လိုပြန်လာလဲဆိုရင် ဒါသည် ILO ရဲ့ Forced Labour နဲ့ ပတ်သက်ပြီး ကန့်သတ်ထားမှုကြောင့် ခံစားခွင့် မပေးပါဘူးလို့ အကြောင်းပြန်တာ ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ ILO က တားမြစ်ကန့်သတ်ချက်အများစုက ရုပ်သိမ်းပေးလိုက်တာကြောင့် အခြေအနေ ပြန်ကောင်းလာပါပြီ'' ဟု ပြောကြားခဲ့သည်။

''မြန်မာမှာ အီးယူအသိအမှတ်ပြု စက်ရုံ ၁၃ ရုံပဲရှိတယ်။ ကျန်တဲ့စက်ရုံတွေလည်း အီးယူပို့နိုင်အောင် လုပ်နေကြတာလည်းရှိတယ်။ စက်ရုံအဆင့်အတန်းမှာ ကျန်တဲ့နိုင်ငံတွေနဲ့ ယှဉ်လို့ရပေမယ့် ၁၃.၇ ရာခိုင်နှုန်း ကောက်နေတော့ ဈေးကွက်မှာယှဉ်လို့ မရဘူးဖြစ်နေတယ်။ အီးယူမှာ ၀ယ်လက်တွေ အများကြီးရှိပါတယ်။ ၁၃ ရာခိုင်နှုန်းကျော် ပေးနေရတာတောင် ဒီကပို့နေတဲ့သူတွေရှိပါတယ်။ ပြောရရင်တော့ ဒီ ၁၃ ရာခိုင်နှုန်းဟာ အခြေခံထုတ်လုပ်သူပဲခံနေရတာ။ ၁၃ ရာခိုင်နှုန်းမရှိရင်၊ GSP ရရင် အခြေခံထုတ်လုပ်သူတွေကို ဈေးပိုပေးနိုင်မှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းအေးက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့မှ တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်း၊ ပယ်ဖျက်၊ ဆိုင်းငံ့ခြင်းတို့ကြောင့် မြန်မာပြည်သူများအနေဖြင့် အီးယူနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် အထူးအကျိုးခံစားခွင့်များ ရရှိလာနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ၂၀၁၂ ခု နှစ် ဇွန် ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိကြောင်းလည်း သိရှိရပါသည်။

GSP နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း '' မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ တွေ့ကြုံရသည့် အခက်အခဲမှာ စီးပွားရေးပိတ်ဆို့မှုပင်ဖြစ်ကြောင်း၊ ယခုအခါ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့မှုတော် တော်များများကို ဖြေလျော့ပေးခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ပို့ကုန်အပေါ်တွင် ရရှိခံစားနိုင်မည့် GSP အခွင့်အရေးများ မခံစားရသေးပါကြောင်း၊ ပြင်သစ်နိုင်ငံသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်၍ မြန်မာနိုင်ငံက GSP အခွင့်အရေးများခံစားနိုင်ရေး တိုက် တွန်းပြောကြားပေးစေလိုကြောင်း''ကို စက်တင်ဘာ ၅ ရက်က ပြင်သစ်ဆီးနိတ် လွှတ်တော် ကိုယ်စားလှယ်နှင့် တောင်အာရှကော်မတီ၏ ဥက္ကဋ္ဌ Mr. Gerard Midquel ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ref:EMG

No comments:

Post a Comment