Thursday 13 September 2012

မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီမှ မြန်မာဝမ်ပေါင်ကုမ္ပဏီသို့ လုပ်ငန်းလွှဲပြောင်းချိန် ကြေးနီမသမာမှု သက်ဆိုင်ရာက အရေးယူ


ကြေးစင်တောင်နှင့် စံပယ်တောင်ကြေးနီစီမံကိန်းနယ်မြေအတွင်း ကြေးနီတန်ချိန် သုံးရာကျော် (၃၃၈ ဒသ မ ၉၃၂ တန်)အား မသမာသော နည်းဖြင့် ဆောင်ရွက်သူများအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စ ခန်းမှ ကြေးနီမသမာမှုဥပဒေပုဒ်မ (၆-၁) အရ အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

“ကြေးနီမသမာမှုအနေနဲ့ ဥ ပဒေပုဒ်မ (၆-၁)နဲ့ အမှုဖွင့်ထားတယ်။ ဒီအမှုမှာ အာမခံပေးလို့ မရဘူး။ ကြေးနီမသမာမှုမှာ ပါဝင်သူနှစ်ဦးကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ကျန်နှစ်ဦးက ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဒီအမှုမှာတရားလိုအဖြစ် သတ္တုတွင်းဝန်ကြီးဌာနက ဦးဖေသိန်းက တိုင်
ကြားခဲ့တာပါ”ဟု ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီသည် ၁၉၉၈ ခုနှစ်တွင် ME (1) အမှတ်(၁) ကြေးနီသတ္တုတွင်းလုပ်ငန်း၊ သတ္တုတွင်းဝန်ကြီးဌာနနှင့်ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့သည်။ မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီသည် ၂၀၁၀ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက်တွင် လုပ်ငန်းရပ်ဆိုင်း   ညွှန်ကြားခဲ့သော်လည်း အထွေထွေမန်နေဂျာ၊ အတွင်းရေးမှူး၊ စက်ရုံမှူး ဦးအောင်လော ဟာ၊ ကြေးနီပို့ဆောင်ရေးတာဝန်ခံ ဦးကျော်ဆွေတို့သည် ၂၀၁၁ ခုနှစ်ဇန်န၀ါရီ ၁ ရက်မှ ၄ ရက်အထိစက်ရုံလည်ပတ်ခဲ့ရာ အရည်အသွေးမီ ကတ်သုတ်ကြေးနီ ၃၃၈ တန်ကျော်အား ထုတ်လုပ်ရရှိခဲ့
ကြောင်း သိရသည်။ ထို့ကြောင့်ကြေးနီမသမာမှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်းက ဖြစ်ပေါ် ခဲ့တဲ့အမှုပါ။ မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ အလွှဲအပြောင်း အချိန်မှာ ကြေးနီမသမာမှုဖြစ်ခဲ့တာ ပါ”ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီနှင့် မြန်မာ ၀မ်ပေါင်ကုမ္ပဏီ လွှဲပြောင်းချိန် ကာလများအတွင်းကြေးနီ မသမာမှုအား စစ်ဆေးအရေးယူပေးနိုင် ရန် ကြေးစင်တောင် ကြေးနီတူးဖော်ရေးလုပ် ငန်းမှ ၀န်ထမ်း ၄၆ ဦးက ပထမအကြိမ်အဖြစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် တစ်ကြိမ်၊ ဒုတိယအကြိမ်အဖြစ် ကြေးနီဝန်ထမ်း ၄၆ ဦးက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် တစ်ကြိမ်၊ တတိယအကြိမ်မြောက်အဖြစ် ကြေးနီဝန်ထမ်း ၄၃၈ ဦးက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်တွင် တစ်ကြိမ် စုပေါင်းလက်မှတ်ရေးထိုး၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အရည်အသွေးမီ ကြေးနီအလွဲသုံးစား ပြုလုပ်သောသူများအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ (၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ် ရေးအက်ဥပဒေ ၆(၁)အရ) စက်ရုံမှူး ဦးအောင်လော ဟာနှင့် ကြေးနီပို့ဆောင်ရေးတာဝန်ခံဦးကျော်ဆွေတို့အား သြဂုတ်လ ၂၉ ရက်တွင် အမှုဖွင့်စစ်   ဆေးအရေးယူခဲ့ပြီး ကျန်ရှိနေသေးသော ကြေးနီစက်ရုံအထွေထွေမန်နေဂျာနှင့် အတွင်းရေးမှူးအား ဆက်လက်စစ်ဆေးအရေးယူနိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရသည်။
 
ref:thevoiceweekly

No comments:

Post a Comment