Thursday 13 September 2012

မိုးထိမိုးမိ ရွှေကွက်တွင် ကုမ္ပဏီနှင့် အင်းသားများ အကျိုးစီးပွား ကွာဟဆဲ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေတူးဖေါ်ရေးလုပ်ငန်းတွင် ပင်မကုမ္ပဏီကြီး
ဖြစ်သော အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် အကျိုးတူဆောင်ရွက်သူ ရွှေတူးဖေါ်သူများအကြား အဆင်မပြေ မှုများ ဆက်လက်ရှိနေကြောင်း အဆိုပါရွှေတူးဖေါ်ရေး အသိုင်းအဝန်းမှ ပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် ကုမ္ပဏီမှ လုံခြုံရေးများနှင့် ၉၅ဝ လုပ်ကွက်မှ အင်းသား အယောက် ၁၅ဝ ခန့် အချင်းဖြစ်ပွားခဲ့ပြီး အင်းသားများ တရားစွဲဆိုခံထားရကြောင်း ယင်းလုပ်ငန်းခွင်မှ အင်းလုပ်သား များက ပြောသည်။

ထိုကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီငယ်များအကြား အင်း၊ အက်တာများ ယခင်အတိုင်း လုပ်ကိုင်ခွင့်ပေးရန်၊ ဇုန်အသီးသီးရှိ ကျောက်ကြိတ်ခွဲ စက်များအား ကုမ္ပဏီမှ တနှစ် သက်တမ်းတိုးပြီး ကြိတ်ခွဲ ခွင့်ပြုရန်၊ အင်း၊ အက်တာများမှ နစ်နာကြေး တောင်းခံသူတို့အား နစ်နာကြေးပေးရန် စသည့် အချက်များအပါအဝင် အချက် ၆ ချက်ပါ သဘောတူစာချုပ် ချုပ် ဆိုပြီး နောက်ပိုင်းတွင်လည်း မကျေနပ်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

moehtimoemi
မိုးထိမိုးမိ ရွှေတူးဖေါ်ရေးလုပ်ငန်းတွင် ပင်မကုမ္ပဏီကြီး ဖြစ်သော အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ရွှေတူးဖေါ်သူများအကြား အဆင်မပြေမှုများ ရှိနေကြောင်း ရွှေတူးဖေါ်ရေး အသိုင်း အဝန်းမှ ပြော (ဓါတ်ပုံ မဇ္ဈိမ/ နေလင်းအောင်)

“ကျနော်တို့က ဒီမှာလုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီလည်း ဖြစ်တယ်။ စာချုပ်အတိုင်းလည်း အချက် ၆ ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနေတယ်။ ဒါကြောင့် ထိပ်တိုက် တွေ့လာတာတွေကို ဥပဒေကြောင်းအရ   ရှင်းမယ်။ ဥပဒေကြောင်းအရ သွားနေပါတယ်” ဟု အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖေါ် ထုတ် လုပ်မှုအုပ်စု လီမိတက်မှ စီမံကိန်း ညွှန်ကြားရေးမှူး ဦးထွန်းအောင်စိုး က ပြောသည်။

ထို့ပြင် ဆက်လုပ်လုပ်ကိုင်လိုခြင်း မရှိသော အကျိုးတူ ကုမ္ပဏီ ငါးခုအား အင်းပေါင်း ၄၁ အတွက် နစ်နာကြေးငွေ ကျပ်သိန်း ၂,၇၄၁ သိန်း ပေးလျော်ခဲ့ပြီး ကျန် ကုမ္ပဏီ ၂၃ ဦးမှ ၃၉၃ အင်းမှ အကျိုးတူ ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသော ကုမ္ပဏီငယ်များဖြင့်သာ ချိတ်ဆက်လုပ်ကိုင်ခြင်းဖြစ်ပြီး ၎င်းတို့၏ အင်း၊ အက်တာ ပိုင်ရှင်များ အင်းလုပ်သားများနှင့် တိုက်ရိုက်လုပ်ကိုင်ခြင်း မရှိကြောင်းလည်း ၎င်းက ဆိုသည်။

လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် သဘောတူညီမှုရှိသော ကုမ္ပဏီ ၂၃ ခုမှ အင်း၊ အက်တာ ၃၉၃ ခုအတွက် သတ်မှတ်ဇုံ လေးနေရာ လေးခု ပေးထားပြီး ကြိတ်ခွဲစက် ၉၄ လုံး တပ်ဆင်ပေးထားကြောင်းနှင့် သဘောတူညီချက် စာချုပ်ထဲတွင် မပါဝင်သော စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးကြောင်းလည်း ၎င်းက ဆိုသည်။

သို့သော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် ပင်မ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ   ထောက်ပံ့ပေးသော ကြိတ်ခွဲစက်များ ဒီဇယ်များ မလုံလောက်၍ ၅ဝ ရာခိုင်နှုန်းစီ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီများတွင် ဝင်ရောက်၍ လုပ်ကိုင်ဆောင်ရွက်နေသော အင်းပိုင် အက်တာပိုင်များမှာ လုပ်ငန်းရပ်နားထားရသည်ဟု အင်းသားများက ဆိုသည်။

“ကျနော်တို့က အင်ဝိုင်းကြီးဇုံ ဇုံ ၈ ကတော့ ပင်မကုမ္ပဏီရဲ့အထဲမှာ လုပ်တာ ဖြစ်တဲ့အတွက် သုံးချိုးတချိုးပဲ ရတယ်။ သူတို့ ထောက်ပံ့ပေးတာ ပြည့်စုံသလောက်တော့ ပြည့်စုံတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ စက်ပစ္စည်း မပြည့်စုံတာတွေလည်း ရှိတယ်။ တချို့ဇုံတွေမှာဆို လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေ မပြည့်စုံလို့ အခုအချိန်ထိ လုပ်ငန်း မစတင်နိုင်သေးဘူး” ဟု ဇုံ ၈ မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်သူ ဦးမျိုးလှိုင်ဝင်း က ပြောသည်။

ထို့ပြင် ကုမ္ပဏီငယ်များတွင် ဝင်ရောက်လုပ်ကိုင်နေသော အင်းပိုင်များ အက်တာပိုင်များ အနေဖြင့်လည်း လုပ်ငန်း ရပ်နားထားရ၍ ၎င်းတို့ စိုက်ထုတ်ထားရသော ငွေကြေးနှင့် အင်းလုပ်သားများအတွက် စာရိတ်များ မလုံလောက်သောကြောင့် အခက်အခဲ ဖြစ်နေရကြောင်းနှင့် ထိုအင်း၊ အက်တာများမှ လုပ်သားများသည်    ပင်မကုမ္ပဏီတွင် လုပ်ကိုင်နေသော အင်းအလုပ်သမားများထက် လုပ်ခ နှစ်ဆခန့် ပိုမို ရရှိသော်လည်း    စားစရိတ်နှင့် လုပ်ငန်းအတွက် လိုအပ်သည် များကို ကိုယ်တိုင် စိုက်ထုတ် အသုံးပြုရခြင်း၊ တောင်ပေါ်ဒေ သတွင် စားသောက်ကုန် ရှားပါးခြင်းများကြောင့် နေ့စဉ် ကုန်ကျစာရိတ် ကြီးမားကြောင်းလည်း သိရသည်။

“ကျမ ဒီမှာ ရွှေဆေးတာ တရက်ကို တသောင်း ရပါတယ်။ ဒါပေမယ့် လက်အိပ်၊ ရွှေရှာဖို့ ပြဒါးတွေကအစ ကိုယ့်ဘာသာ ဝယ်ရတာ။ ပြီးတော့ ထမင်းတနပ် စားရင်လည်း နှစ်ထောင်လောက် ကုန်တော့ ရတာနဲ့ ပင်ပန်းတာနဲ့ ကုန်ကျတာက မမျှတဘူး” ဟု အင်းအလုပ်သမား တဦးဖြစ်သူ မဝင်းဝင်းမေ က ပြောသည်။

ထိုသို့သော အင်း၊ အက်တာပိုင်များ၊ အလုပ်သမားများ၏ အခက်အခဲများသည် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီများထက် ပင်မ ကုမ္ပဏီတွင် ပို၍ တာဝန်ရှိကြောင်း ပြောသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ဒီလုပ်ငန်းကြီး တခုလုံးကို တရားဝင် အကြီးစား လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီ ဖြစ်တဲ့အတွက်ကြောင့် သူ့အောက်မှာ လုပ်ကိုင်နေတဲ့ အင်းပိုင်၊ အင်းလုပ်သားတွေရဲ့ အခက်အခဲကို ပိုပြီး တာဝန်ယူသင့်တယ်” ဟု အင်းလုပ်သားများ အရေးဆောင် ရွက်နေ  သူ တရားရုံးချုပ်ရှေ့နေဟောင်း ဦးဌေးက ပြောသည်။

ယင်းအရေးကိစ္စကို အချက်အလက်များ စုစည်း၍ သေချာလေ့လာပြီး ရန်ကုန်တွင် ရှိသော အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတွင် အရေးဆိုသွားမည်ဟုလည်း ၎င်းက ဆိုသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများနှင့် အင်းပိုင်များ၊ အင်းလုပ်သားများအကြား ပြဿနာ ဖြစ်ပွားနေသော ဧက ၆,၁၅ဝ ကျယ်ဝန်းသည့်   ရွှေလုပ်ကွက်သည် ၁၉၈၈ ခုနှစ်က စတင်တွေ့ရှိခြင်းဖြစ်ပြီး  ၂ဝဝဝ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ကနေဒါနိုင်ငံ အခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီမှရွှေတူးဖေါ်မှုများ ပြုလုပ်ခဲ့သည်။

သို့သော်လည်း ၂ဝဝ၆ ခုနှစ်တွင် စစ်အစိုးရနှင့် အဆင်မပြေမှုများ ဖြစ်ခဲ့ပြီးနောက် လုပ်ငန်း ရပ်သိမ်း ထားခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သော်လည်း တရားမဝင် ရွှေတူးဖေါ်မှုများ ရှိနေခဲ့သည်။ ယခုတဖန် ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလ တွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ လေလံအောင်ပြီး တူးဖေါ်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ref:mizzima

No comments:

Post a Comment