Thursday 13 September 2012

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများရေးဆွဲနိုင်ရေး ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ

 အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများရေးဆွဲနိုင်ရေး ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက်နေ့နေ့လည်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်ထောင်စုဝန်ကြီး ဦးသန်း‌ဌေး တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးထင်အောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် နေပြည်တော်ရှိ လုပ်ငန်းဌာနများမှ အရာထမ်းများတက်ရောက်ကြသည်။
 
 ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတော်စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ပေးထားသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ မူများနှင့်အညီ စွမ်းအင် ဆိုင်ရာလုပ်ငန်းများ၊ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကို ဝန်ကြီးဌာနက ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ အမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းတစ်ရပ်ရေးဆွဲရာတွင်အထောက် အကူဖြစ်စေရေးအတွက် ဝနကြီး ဌာနအတွင်း လုပ်ငန်းဌာနအသီးသီးမှ အရာထမ်းများ၏
စိတ်ကူးစိတ်သန်း အကြံဉာဏ်များကို ကျယ်ကျယ်ပြန့်ပြန့် ရယူလိုကြောင်း၊ စွမ်းအင်ကဏ္ဍတွင် ဤဝန်ကြီးဌာနမှ အဓိကတာဝန်ယူရသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့၏ Up stream အပိုင်း ရော Down Stream အပိုင်းတွင်ပါအောင်မြင်မှုရှိပါကြောင်း၊ Operating Ratio အနေဖြင့် ၂၀၀၆-၂၀၀၇မှ စ၍ ငါးနှစ်အတွင်း ပျမ်းမျှ ၄၉.၀၆% ရှိခဲ့ပြီး ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၅၇.၁၇% ရရှိမည်ဟု ခန့်မှန်းထား ကြောင်း၊ ဤအောင်မြင်မှုကို ကြေနပ်မနေဘဲ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိကဏ္ဍမှ မည်သို့ ပိုမိုပံ့ပိုး နိုင်မည်၊ ပြည်သူ့အတွက် ဝန်ဆောင်မှုကို မည်သို့ပိုမိုရှင်းလင်းချောမွေ့စေမည်တို့ကို စဉ်းစားဆောင်ရွက်ကြရန်၊ မိမိတစ်ဦးချင်းနှင့် မိမိလုပ်ငန်း၊ မိမိဝန်ကြီးဌာန၏ ပကတိ ရောက်ရှိနေသည့် အခြေအနေကို နိုင်ငံတကာနှင့် ယှဉ်၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး လိုအပ်တာများရှိက ရဲရဲတင်းတင်း   ပြုပြင်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခု အကောင်အထည်ဖော်ရာတွင် အဓိက မောင်းနှင်သည့် ယန္တရားမှာ မူနှင့်လူ နှစ်မျိုးသာရှိကြောင်း၊ စီမံခန့်ခွဲမှုသည် မူအပိုင်းတွင် ပါဝင်ပြီး၊ လုပ်ငန်းတိုးတက်ရန် အတွက် သင့်တော်သည့် မူဝါဒနှင့် စီမံခန့်ခွဲမှု ပုံစံကို အထက်ဌာန အနေဖြင့် လိုအပ်သလို ပြုပြင်ပြောင်း လဲဆောင်ရွက်ပေးနိုင်ကြောင်း၊ လူအပိုင်းမှာမူ စိတ်စေတနာရော အရည်အသွေး၊ အရည်အချင်းပါ ပါဝင်နေရာ စိတ်နေစိတ်ထား ပြုပြင်ပြောင်းလဲရေးနှင့် ဝန်ထမ်းတစ်ဦးချင်း အရည်အချင်းနှင့် အရည်အသွေး တိုးတက်ရေးမှာ အားလုံးက အထူးကြိုးစား ပြုပြင်ဖြည့်ဆည်းကြရန်ဖြစ်ကြောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍသည် စွန့်စားရှာဖွေရမှု Risk ကြီးမားခြင်း၊ နည်းပညာနှင့်အယူအဆများ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေခြင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အလွန်များပြားခြင်း၊ စတင်ရှာဖွေသည်မှ စီးပွားဖြစ် ထုတ်လုပ်သည်အထိ ဆယ်စုနှစ်နှင့်ချီ၍ အချိန်ယူရသော သဘာဝရှိခြင်းတို့ကြောင့် ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မဟာဗျူဟာများချမှတ်ရာတွင် နိုင်ငံတော်၏ လက်ရှိစီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အခြေအနေမှန်များနှင့် ချိန်ဆသုံးသပ်၍ စဉ်းစားကြရန်ဖြစ်ကြောင်းတို့ကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်လာ သူများမှ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment