Thursday 13 September 2012

ဒီမိုကရေစီကို ဈေးပေါအောင်မလုပ်ကြပါနဲ့ (မောင်ဝံသ-ပြောချင်လွန်းလို့)


စိုးရိမ်မိတယ်
၁၉၈၈ ခု စက်တင်ဘာလ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေ ဖွင့်ကြ၊ ကာရာအိုကေတွေ ဆိုကြ၊ လူမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊   သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကို ဟန့်တား နှိပ်ကွပ်ရမယ့်အစား ဒေသတာဝန်ရှိသူ တချို့က “လိုချင်ဦးလေ ဒီမိုကရေစီ၊ တွေ့တယ် မဟုတ်လား၊ ဒီမိုကရေစီရရင် ဒီလို ဖြစ်ကုန်မှာပဲဆိုတာ အကြောင်းသိအောင်  ကျုပ်တို့ ကတော့ လက်ပိုက် ကြည့်နေလိုက်တယ်” လို့ ပြောတာကို ကျွန်တော့်နားနဲ့ ဆတ်ဆတ် ကြားဖူးလိုက်ရပါသဗျ။
        ဟောခုလည်း ဟိုနေရာ ဒီနေရာတွေမှာ ဆန္ဒပြကြ၊ ပိုစတာထောင်ကြ လုပ်ကြတာကို အဲသလို စိတ်အချဉ်ပေါက်ပြီး ပြောသူတွေ ရှိလာပြန်ပြီ။ ဒါတင်မက ဒီမိုကရေစီ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို   ပေါပေါလောလော သုံးလာကြတာ သတိထားမိတယ်ဗျာ။ တမင်တကာများ ဒီမိုကရေစီကို ဈေးပေါအောင် လုပ်နေရော့ သလားလို့ စိုးရိမ်မိတယ်ဗျ။


စစ်အာဏာရှင် ခိုင်မြဲရေးလား
ကျွန်တော်တို့ တိုင်းပြည်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးလို့ ကမ်္ပည်း ထိုးခဲ့ရတဲ့  ဒီမိုကရေစီ   တောင်းဆိုသော ပြည်သူ့လှုပ်ရှားမှုကြီး ဖြိုခွင်းခံလိုက်ရပြီး ဒီမိုကရေစီ လမ်းကြောင်းနဲ့   ဝေးရာဆီသို့ ရွေ့မျောနေခဲ့ရာက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်မလာခင်အထိ အစိုးရနဲ့ ပတ်သက်ပြီး အထင်ရှား အပေါ်လွင်ဆုံး ရှုမြင် သုံးသပ်ချက်တစ်ခုပဲ ရှိခဲ့တယ်ဗျ။ အဲဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲက တစ်ဆင့် ပေါ်ထွက်လာမယ့် အစိုးရဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ် ကတည်းက တည်ရှိလာခဲ့တဲ့ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးကို (မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရတုန်းကလိုပဲ) ခါတော်မီ ပုံသ္ဌာန်သစ် တစ်ခုခုနဲ့ ကြိုးပမ်း လုပ်ဆောင်သွားမယ့် အစိုးရမျိုးပဲ ဖြစ်မှာပါဆိုတဲ့ ရှုမြင် သုံးသပ်ချက် ဖြစ်တယ်ဗျ။

စဉ်းစားပုံ စဉ်းစားနည်း
၁၉၉၀ ရွေးကောက်ပွဲအပြီး မကြာမီ ပေါ်ထွက်လာခဲ့တဲ့ န၀တရဲ့ ၁/၉၀  ကြေညာချက် အစ ၁၉၉၃ မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံနဲ့ ၂၀၀၈ မေလမှာ အတည်ပြု ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အလယ်၊ ၂၀၁၀ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပုံ အဆုံး အမှန်တကယ် တည်ရှိ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဆိုင်ရာ ပေးထားချက်တွေကို ထည့်သွင်းစဉ်းစားပြီး အဲသလို ရှုမြင်သုံးသပ်ခဲ့ကြတာ ဖြစ်တယ်ဗျ။ အဆိုးမြင် ၀ါဒီတွေရဲ့ လောက အမြင်လို့ ဆိုချင်လည်း ဆိုပေါ့ဗျာ။ ကျွန်တော်ကတော့ အခုလို အတန်အသင့် လင်းပွင့် လာနေတဲ့ ကာလမှာ အစိုးရနဲ့ သဘောထား ကွဲပြားခဲ့သူတွေရဲ့ စဉ်းစားပုံ စဉ်းစားနည်း ဘယ်လို ရှိတတ်တယ်ဆိုတာ လက်ရှိ အစိုးရတာဝန်ရှိ ပုဂ်္ဂိုလ်တွေ အပါအ၀င် စိတ်ဝင်စားသူတွေ လေ့လာ အကဲခတ်နိုင်အောင် ပွင့်ပွင့်လင်းလင်း မခြွင်းမချန် တင်ပြနေတာပဲ ဖြစ်တယ်ဗျာ။
        သမ္မတရာထူး လက်ခံမိန့်ခွန်းနဲ့ အဲဒီနောက် ဆက်တိုက်လိုလို လိုက်ပါ လာတဲ့   မြန်မာပြည်သူတွေကိုရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုပါ အံ့သြတကြီး စောင့်ကြည့်   စေခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာချိန်မှာတော့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ အသိုင်းအ၀ိုင်းအကြား အစိုးရနဲ့ ပတ်သက်ပြီး ရှုမြင်သုံးသပ်ပုံ နောက်ထပ် ၃ မျိုး ပေါ်ထွက် လာခဲ့ပြန်တယ်ဗျ။

မဟာ သေနင်္ဂ ဗျူဟာလား
ပထမတစ်မျိုးက စစ်အစိုးရဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေး အတွက် မှန်ကန်ရိုးဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပေမယ့် အတော်ကလေး ကြီးမားတဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ပေးပြီး ကြိုးပမ်းတဲ့ “မဟာ သေနင်္ဂဗျူဟာ” (Grand Strategy) တစ်ခုကို ချမှတ် ကျင့်သုံးနေတာလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံ ဖြစ်တယ်ဗျ။

နွေဦးကို ရှောင်ဖို့လား
ဒုတိယတစ်ခုက အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး  လုပ်ရပ်တွေကို  “အာရပ်နွေဦး”နဲ့ ဆက်စပ် စဉ်းစားတာ ဖြစ်တယ်ဗျ။ အာရပ်ကမ္ဘာမှာ တိုက်ခတ်နေတဲ့ ဒီမိုကရေစီ လေပြင်းလိုမျိုး ဒီမှာလည်း ဖြစ်ပေါ်လာလေမလားဆိုတဲ့  စိုးရိမ်ပူပန်မှုအပေါ် အခြေခံပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လက်ဦးအောင် ပြုလုပ်ခဲ့လေသလားဆိုတဲ့ ရှုမြင် သုံးသပ်ပုံ ဖြစ်တယ်ဗျ။

မြန်မြန်လား  နှေးနှေးလား
တတိယ ရှုမြင် သုံးသပ်ပုံကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရရဲ့ ခေါင်းဆောင်အား လုံးလိုလိုဟာ သူ့အရင်ကရှိခဲ့တဲ့ စစ်အစိုးရရဲ့ ခေါင်းဆောင်ဟောင်း တွေ ဖြစ်ကြပေမယ့် သူတို့အားလုံး သို့မဟုတ် အားလုံးနီးပါး သို့မဟုတ် လုပ်ပိုင်ခွင့် အရှိဆုံး နေရာတွေမှာ ရောက်ရှိနေကြသူတွေဟာ တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို သဘောပေါက် နားလည် လက်ခံကြသူတွေ ဖြစ်တယ်။ ကမ္ဘာကြီး တူရူပြုနေတဲ့ လမ်းကြောင်းကို ကောင်းကောင်းကြီး ဆ၀ါးမိကြသူတွေ ဖြစ်တယ်။ ဒါကြောင့် အခု အဲဒီ ခေါင်းဆောင်တွေ ဦးဆောင် ပြုလုပ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ စစ်မှန်တဲ့ အပြောင်းအလဲ တွေသာဖြစ်တယ်။ ဒီကနေ့ နိုင်ငံ့ခေါင်းဆောင်တွရဲ့ ခေါင်းထဲမှာ ရှိနေတာ “ဒီမိုကရေစီသို့ ဦးတည်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မလား၊ မလုပ်ဘူးလား”ဆိုတဲ့ ပြဿနာ မဟုတ်ဘူး။ “ပြုပြင် ပြောင်းလဲမှုတွေကို မြန်မြန် လုပ်မလား၊ နှေးနှေးလုပ်မလား”ဆိုတဲ့ ပြဿနာ ဖြစ်တယ်ဆိုတဲ့ ရှုမြင် သုံးသပ်ချက် ဖြစ်တယ်ဗျ။

ရှော့သုံးခုနဲ့  ဖျံကြောင်ငါး
ပွင့်ပွင့်လင်းလင်း ပြောရရင် သမ္မတရာထူး လက်ခံမိန့်ခွန်း ထွက်ပေါ်လာခဲ့အပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့အပြီး၊ ယုံကြည်ချက် အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ကြအပြီး၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့ အပြီးမှာတောင်မှ အစိုးရရဲ့ ပြောဆို ပြုမူပုံတချို့က အဲဒီရှုမြင်စဉ်းစားပုံ သုံးမျိုးစလုံးကို ဆက်ပြီး လောင်စာဖြည့်ပေးနေခဲ့သေးတာ ဖြစ်တယ်ဗျ။ အဲဒီ အခြေအနေတွေ ကြောင့် လည်း ကျွန်တော် အပါအ၀င် နိုင်ငံရေး ဝေဖန်သူ အများအပြားကရော လွှတ်တော်တွင်း လွှတ်တော်ပ က နိုင်ငံရေးသမား အများအပြားကပါ အစိုးရနဲ့ ပတ်သက်ပြီး “ရှော့ခ်သုံးခုနဲ့ ဖျံကြောင်ငါး” အတွေးတွေ ၀င်နေမိခဲ့ကြတာ ဖြစ်တယ်ဗျ။ (ရှော့သုံးခုနဲ့ ဖျံကြောင်ငါး - Messenger ဂျာနယ်မှာ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ရဲ့ ခေါင်းစဉ်ပါ။ ရေထဲက ဖျံတစ်ကောင် ပိုက်ထဲပါလာတော့ ဖျံကို မမြင်ဖူးတဲ့ တံငါသည်က ကြောင်လည်းမဟုတ်၊ ငါးလည်း မဟုတ်၊ နင် ဘာကောင်လဲဝေ့လို့ မေးတာ နဲ့ နှိုင်းယှဉ်ပြီး အစိုးရကို ဝေခွဲမရ အကဲဖြတ်လို့မရ ဖြစ်နေပုံရေးခဲ့တာ ဖြစ်ပါတယ်)

အားလုံး  အံ့သြ၀မ်းသာ
ဒါပေမဲ့ တိတိကျကျ ပြောရရင် ၁၃ ဇန်န၀ါရီ ၂၀၁၂ နေ့က စတုတ်္ထ အကြိမ်အဖြစ် ယုံကြည်ချက် အကျဉ်းသားတွေ လွတ်လာတဲ့ဖြစ်ရပ် အပြီးမှာတော့ အစိုးရနဲ့ ပတ်သက်ပြီး ပထမနဲ့ ဒုတိယ ရှုမြင်သုံးသပ်ပုံတွေဟာ အတော်ကြီးကို မှေးမှိန် အားနည်းသွားခဲ့ပြီး တတိယ ရှုမြင်သုံးသပ်ပုံက ခိုင်မာပီပြင် အားကောင်းလာခဲ့ပြီ ဖြစ်တယ်ဗျာ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ “အိုင်းအနာ” လို ဖြစ်ခဲ့တဲ့   ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာဘက်ကို ကြည့်ရင်လည်း နှစ်ပေါင်း ၆၀ ကာလအတွင်း မမြင်တွေ့ခဲ့ရဖူးတဲ့ အားတက်စရာ မြင်ကွင်းတွေကို အားလုံး မြင်တွေ့နေကြရတာ အထင်အရှား   ဖြစ်တယ်ဗျာ။ နိုင်ငံရေးအကျဉ်းသား ပြဿနာနဲ့ ငြိမ်းချမ်းရေး ပြဿနာဆိုတဲ့ နိုင်ငံရဲ့ သော့ချက်ကျ အကြောင်းခြင်း ရာနှစ်ခုမှာ မြင်တွေ့နေရတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကြောင့် ဒီမိုကရေစီ လိုလားသူအားလုံး အံ့သြ၀မ်းသာ ဖြစ်နေကြတယ်ဗျာ။ ဒီအချက်က နိုင်ငံတကာရဲ့ တုံ့ပြန်မှုနဲ့ ပြည်တွင်း နယ်ပယ် ပေါင်းစုံက ဦးစီးဦးဆောင် ပုဂ်္ဂိုလ်တွေရဲ့ ပြောစကားတွေမှာ ထင်ဟပ်နေတယ်ဗျ။

ဒီမိုကရေစီ  လမ်းကြောင်းပေါ်မှာ
ဒီတော့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းဆိုတာ ဘယ်တော့မှ ပြီးဆုံးသွားမယ့် လုပ်ငန်းမျိုး မဟုတ်တာကြောင့် ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ နိုင်ငံဖြစ်ပြီလားလို့ မေးရင် မဖြစ်သေးဘူးလို့   ဖြေရမှာဖြစ်ပေမယ့် “ဒီမိုကရေစီ ရပြီလား” ဆိုတဲ့ မေးခွန်း ကိုတော့ “ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းပေါ်မှာတော့ ရောက်နေပါပြီ”လို့ ဖြေနိုင် လိမ့်မယ် ထင်တယ်ဗျ။

အပုပ်ချဖို့  ကြိုးစားနေကြတုန်း
ဒီလို အချိန်မျိုးအထိ ဒီမိုကရေစီကို မလိုလား မရှုဆိတ်နိုင်သူတွေကတော့ အခွင့် သာတာနဲ့ ဒီမိုကရေစီကို အပုပ်ချဖို့ ကြိုးစားနေကြတုန်းပဲဗျာ။
        ဒီမိုကရေစီဆိုတာ ညီညွတ်မှုမရှိဘူး။ တစ်ယောက်တစ်ပေါက်၊ အင်မတန် စကားများတယ်။ ဒီမိုကရေစီဆိုတာ လူများစုနဲ့ အနိုင်ကျင့်တာ၊ ဒီမိုကရေစီ ကျင့်သုံးရင် အလုပ်မတွင်ဘူးစတဲ့ လေသံတွေ ပစ်ပစ်လာပြီး နောက်ဆုံး ကျတော့မှ တိုင်းပြည်ကို တကယ်တမ်း ဇိကုပ်ပြီး နတ်ပြည်ပို့နိုင်တာ တစ်မိန့် တစ်အာဏာစနစ်ပဲ၊ တစ်သွေး တစ်သံစနစ်ပဲလို့ ကောက်ချက်ချ ဆွဲခေါ်သွားချင် နေကြတာကိုး။      

၅၊ ၉၊ ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၁၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၃)

ref:

No comments:

Post a Comment