Monday 12 January 2015

ပြည်ထောင်စုတပ် ဖွဲ့စည်းရာတွင် အလှည့်ကျ စစ်ဦးစီးချုပ် မူဝါဒ ချမှတ် ထားခြင်း မရှိဟု UNFC အတွင်းရေးမှူး (၂) ပြောကြား

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖွဲ့စည်းလိုနေသည့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး မူဝါဒတွင် အလှည့်ကျ စစ်ဦးစီးချုပ် စနစ်ကို ကျင့်သုံး ရမည် ဆိုသည့် မူဝါဒကို ချမှတ်ထားခြင်း မရှိကြောင်း UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရာယ်ကောင်စီ၏ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဖလားဝါးနယူးစ်သို့ ပြောသည်။ 

‘ဒီနိုင်ငံရေးဆွေးနွေးပွဲအပြိး ဖွဲ့စည်းမဲ့ ပြည်ထောင်စု တပ်မတော်မှာ အလှည့်ကျ စစ်ဦးစီးချုပ်ပေးရမယ်ဆိုတဲ့ မူဝါဒမျိုးကို တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကိုင်စွဲထားတာ မရှိသလို ချမှတ်ထားတာလည်း မရှိဘူး။ အရင် ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကရေးခဲ့တဲ့ ဖွဲ့စည်းပုံ အဟောင်းမှာပဲ ရှိခဲ့တာ အခု မရှိတော့ပါဘူး ။ အခုက တပ်ပေါင်းစုအသစ် နိုင်ငံရေး မူဝါဒကလည်း အသစ်ပါပဲ ‘ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ် ခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်နေရာတွင် အဓိက အဆင်မပြေဖြစ်နေ သည့် အကြောင်းအရာမှာ ပြည်ထောင်စုတပ်မတော်တည်ထောင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးခွင့်ပြုရန် ဆိုသည့် အချက်ဖြစ်နေသည် ဟု သိရသည်။ 

အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ပြည်ထောင်စုတပ်မတော် ကိစ္စနှင့်အတူ အလှည့်ကျစစ်ဦးစီးချုပ် စနစ်ဖြင့် တပ်မတော်တွင်တာဝန်ထမ်းဆောင် ခွင့် ရရှိရန် တောင်းဆိုဖွယ်ရှိနေကြောင်း တပ်မတော်နှင့် နီးစပ်သော အသိုင်းဝိုင်းများက ပြောဆို ရေးသားမှုများ ပြုလုပ်နေသည်။

UNFC ၏ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးမူကို လက်မခံကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတိလင်း ထုတ်ဖော်ပြောဆိုထားပြီး UNFC မှ ဖွဲ့စည်းထားသည့် ဖက်ဒရာယ်တပ်မတော်ကို စင်ပြိုင်တပ်မတော် အဖြစ်ရှူမြင်ကြောင်းလည်း ဗွီအိုအေအမေရိကန်အသံနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။ 

လက်ရှိအချိန်တွင် UNFC မှ ဖွဲ့စည်းထားသည့် ဖက်ဒရယ်တပ်မတော်မှာ ကာကွယ်ရေးအတွက် အဓိက ရည်ရွယ်ထားခြင်း ဖြစ်ကာ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့်လည်း နိုင်ငံတနိုင်ငံတွင် တပ်မတော် တရပ်တည်းတည်ရှိမှုအပေါ် လက်ခံထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြီးခဲ့သည့်ဇန်န၀ါရီလ၅ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

‘ကျန်တော်ကတော့ တပ်မတော်ကာကွယ်ရေးဥိးစီးချုပ်နဲ့တွေ့တုန်းပြောခဲ့တယ်။ လက်ရှိ UNFC က ဖွဲ့ထား တဲ့ FUA ဖက်ဒရာယ.်တပ်က ကာကွယ်ရေး အတွက်သာဖြစ်တဲ့အကြောင်း စိုးရိမ်စရာ မရှိတဲ့ အကြောင်း သံသယ၀င်စရာမလိုတဲ့အကြောင်း ကျန်တော်တို့ FUA က ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပြည်ထောင်စု ကာကွယ်ရေးမှာ တပ်မတော်ရဲ့ ပူးပေါင်းအင်အားတွေဖြစ်ဖို့ပဲ ရည်ရွယ်တဲ့အကြောင်း တပ်မတော်ကို စိန်ခေါ်တာမဟုတ်တဲ့အကြောင်း တပ်မတော်ရဲ့ စင်ပြိုင်တပ်မတော်လည်း မဟုတ်တဲ့အကြောင်း ရှင်းရှင်း လင်းလင်း ပြောပြနိုင်ခဲ့တယ် ‘ဟု ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၏ နာယကလည်း ဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ 

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရာယ်ကောင်စီကို ၂၀၁၁ ခုနစ်တွင် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် တပ်ပေါင်းစု ဖြစ်ကြောင်းလည်း သိရသည်။ 

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲမှု ပြုလုပ်နိုင်ရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်နေရာတွင် အချက် ၃ ချက်သာ သဘောတူညီမှု ရယူရန် ကျန်ရှိနေကြောင်း နှစ်ဘက်တာဝန်ရှိ သူများက ဖလားဝါးနယူးစ်သို့ ပြောသည်။

Yangon Media Group 

No comments:

Post a Comment