Monday 12 January 2015

ရွှေပြည်သာမြို့တွင် တို့ဆေးအသုံးပြု၍ လုယက်မှုဖြစ်

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ (၅)ရပ်ကွက် အပိုင်(၅/၅)ရပ်ကွက် ခတ္တာလမ်းသွယ်(၂)တွင် ဇန်နဝါရီ ၇ ရက် နံနက် ၆ နာရီခန့်က တို့ဆေး အသုံးပြု၍ လုယက်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ထိုနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အိမ်ရှင်ဒေါ်---သည် မျက်နှာသစ်နေစဉ် အသက်(၂ဝ)ကျော်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့က ဒေါ်---၏ ခင်ပွန်းနာမည်ကိုခေါ်၍ ''ရွာကို ပြန်မလို့။ ဘာမှာလိုက်ဦးမလဲ ဦး ---'' ဟု ပြောသဖြင့် ဒေါ်--- က လမ်းလျှောက်ထွက်နေသော ခင်ပွန်း၏ဧည့်သည်များဟု ယူဆကာ အိမ်ပေါ်တွင်ဧည့်ခံ၍ စကားပြောခဲ့သည်။ အခြားမိသားစုဝင်များမှာ အိပ်ရာမှမနိုးသေး၍ အိမ်ရှင်နှင့် သုံးပေခန့်အကွာတွင် ထိုင်နေသော အမျိုးသမီးက ယူလာသော မုန့်ထုပ်ထဲက မုန့်များကို ယူစားနေရင်း အိမ်ရှင်၏ပခုံးကို လက်ဖြင့်ပုတ်၍ ''အစ်မကြီး မုန့်စားပါဦးလား''ဟု ပြောရာ အိမ်ရှင်က မစားလိုကြောင်း ပြောနေစဉ် နောက်တစ်ကြိမ် ပေါင်ကိုပုတ်၍ ''အားနာစရာ မလိုပါဘူး။ စားပါအစ်မကြီး'' ဟု ပြောသည်ကိုသာ သိရှိလိုက်ရပြီး ဒေါ်---မှာ ကြမ်းပြင်ပေါ်သို့ မေ့မြောလဲကျ သွားခဲ့သည်ဟု သိရသည်။

ယင်းနောက် နောက်ဖေးဆောင်တွင် အိပ်နေသော မိသားစုဝင်များ နိုးလာသောအခါ ကြမ်းပြင်ပေါ် တွင် မေ့မြောလဲကျနေသော ဒေါ်---နှင့် ပျက်စီးနေသော သေတ္တာနှင့် ဗီရိုတို့ကို တွေ့ကြရသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းကာ ဒေါ်-- -ကို ဆေးခန်းသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရသည်ဟု ဆိုသည်။ ခင်ပွန်းဖြစ်သူက ယင်းဖြစ်စဉ်ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးနှင့် ရွှေပြည်သာ ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး တစ်ကျပ်တစ်ရွေးသားရှိ အမ်စီဆွဲကြိုး တစ်ကုံး၊ ငါးမူးသားရှိ လက်ကောက်သုံးကွင်း၊ သုံးပဲသုံးရွေးသားရှိ လက်စွပ် တစ်ကွင်း၊ တစ်မတ်ငါးရွေးသားရှိ လက်စွပ်တစ်ကွင်းနှင့် ငွေသားကျပ်၂၁ သိန်းတို့ ယူဆောင်သွားကြောင်း သိရသည်။

The Mirror Daily

No comments:

Post a Comment