Monday 12 January 2015

ဖမ်းမမိသေးသော အကြမ်းဖက်သမားများ ရှိနေဆဲကြောင့် ပြည်တွင်း၌ အကြမ်းဖက်မှုများ ဖြစ်နိုင်ဆဲ


အကြမ်းဖက်မှုများမြန်မာနိုင်ငံတွင်း လုံးဝမဖြစ်နိုင်တော့ဟု မသတ်မှတ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင်က ဇန်နဝါရီ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

၎င်းက “ကျွန်တော်တို့ မော်လမြိုင်က လေးဦးကို မမိသေးဘူး၊ သူတို့ရဲ့လေ့ကျင့်မှု အရည်အသွေး၊ ငွေကြေး၊ လက်နက်အရ သူတို့ မလှုပ်ရှားခင် ကျွန်တော်တို့ လက်ဦးမှုရအောင် လုပ်နေတယ်” ဟု ပြောသည်။

အာဆီယံထိပ်သီး အစည်းအဝေးများ မတိုင်မီ နိုဝင်ဘာ ပထမပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ပြည်တွင်း ခိုအောင်း ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ (RSO) အကြမ်းဖက် တာဝန်ခံအပါအ၀င် လေးဦးကိုလည်း ရဲတပ်ဖွဲ့က မဖမ်းဆီးနိုင်သေးပေ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အကြမ်းဖက်နိုင်မည့်သူများသတင်းကို စုံစမ်းနေရာ ပြည်သူများကလည်း မိမိတို့ ပတ်ဝန်းကျင် အတွင်း မျက်နှာစိမ်း (မသင်္ကာသူ၊ မသင်္ကာမှု) များ တွေ့ရှိပါက နီးစပ်ရာ ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ ကူညီပေးရန် ရဲမှူးချုပ် စိုးမြိုင်က ဆိုသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေးအဆင့်ကို အာဆီယံအစည်းအဝေးများပြီး တစ်လအကြာတွင် ပုံမှန် (Normal) အခြေအနေသို့ ပြန်လည်သတ်မှတ် ခဲ့ပြီး အကြမ်းဖက်မည်ဟု ယူဆထားသူများကို ရဲတပ်ဖွဲ့က စိစစ် ရှာဖွေနေသေးကြောင်း ၎င်းကပြောသည်။

လုံခြုံရေးကို အစိမ်းရောင်၊ အပြာရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်ဟူ၍ အဆင့် ငါးမျိုးဖြင့် ခွဲခြားသတ်မှတ်ထားသည်။

နိုင်ငံတွင်း အကြမ်းဖက်နိုင်မည့် သတင်းများကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို)ကဲ့သို့ ရဲအဖွဲ့အစည်း များနှင့် သတင်းဖလှယ်နေပြီး၊ အခြား အိမ်နီးချင်းနိုင်ငံများ နှင့် သတင်းဖလှယ် ဆောင်ရွက်နေပြီး အခြား အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်မည့် အခြေအနေများ ကြားသိထားရခြင်း မရှိကြောင်း ရဲမှူးချုပ် စိုးမြိုင်က ဆိုသည်။

Mizzima - News in Burmese 

No comments:

Post a Comment